အမျိုးသားစာပေဆုရှင် ရဟန်းစာဆို ကိုပညာ(အမရပူရ)၏ အထိမ်းအမှတ်ကျောက်တိုင် ဖွင့်လှစ်

အမျိုးသားစာပေဆုရှင် ရဟန်းစာဆို ကိုပညာ(အမရပူရ)၏ အထိမ်းအမှတ်ကျောက်တိုင် ဖွင့်လှစ်

 

မန္တလေးတိုင်းဒေသကြီး အမရပူရမြို့နယ်၊ တောင်တမန်အင်းအနီး တောင်လေးလုံးကျောင်းတိုက်သူဌေး
ဘုရားရင်ပြင်တွင် မေလ ၁၀ ရက်နေ့က အမျိုးသားစာပေဆုရှင် ရဟန်းစာဆို ကိုပညာ(အမရပူူရ)၏
အထိမ်းအမှတ်ကျောက်တိုင်ကို ဖွင့်လှစ်ခဲ့သည်။

"အထိမ်းအမှတ်ကျောက်တိုင်ကို မုဒိတာဦးအောင်မင်းက အခကြေးငွေမယူဘဲ မေတ္တာနဲ့ ကူညီတယ်။
ဒီဇိုင်းက တမ္ပဝတီဦးဝင်းမောင်ရဲ့ဒီဇိုင်း။ စကျင်ကျောက်ပေါ်မှာ မြန်မာ့ရိုးရာနဲ့ ဂန်ဒဝင်ကို
ပေါင်းစပ်ထားတာ။ အမြင့်က ၄၄ လက်မ။ ဗြက်က ၂၈ လက်မရှိတယ်"ဟု ဂန္တဝင်တောင်လေးလုံး
မြတ်နိုးသူများအဖွဲ့(မန္တလေး)မှ ဦးအောင်မင်းဦးက ပြောသည်။

ကျောက်စာတိုင်မှာ စာရေးသည့် ကလောင်တံပုံစံ ထုဆစ်ထားခြင်းဖြစ်ပြီး အပေါ်ပိုင်းတွင်
ဗုဒ္ဓဘာသာ ကိုကိုယ်စားပြုသည့် ယပ်တောင်၊ ပဒုမာကြာပန်းပုံများပါရှိပြီး အောက်ဘက်တွင်
ဆရာတော်ကိုပညာ(အမရပူရ)၏ ရုပ်ပုံလွှာပါရှိသည်။

ကျောက်တိုင်ခုံတွင် ဆရာတော်၏ ကိုယ်ရေးအကျဉ်းကိုမြန်မာ၊ အင်္ဂလိပ်နှစ်ဘာသာဖြင့်
ရေးထိုးထားခြင်းအပြင် စာရေးဆရာမကြီး လူထုဒေါ်အမာ၏ ဆရာတော်အပေါ် ကြည်ညိုသည့်
မှတ်ချက်စကားများ ပါရှိသည်။

"ဆရာတော်က သမိုင်းဆိုင်ရာ၊ ယဉ်ကျေးမှုဆိုင်ရာတွေကို အများဆုံး ရေးတယ်။ တောင်သမန်ဝန်းကျင်
သမိုင်းဝင်နေရာများဆိုတဲ့ စာအုပ်နဲ့ အမျိုးသားစာပေဆုရတယ်။ အထူးသဖြင့် ဆရာတော်က
စာပေလောကသားတွေအတွက် မေတ္တာရိပ်နဲ့ အေးမြစေတဲ့ သူဖြစ်တယ်။ စစ်အစိုးရခေတ်မှာ
အတားအဆီးအပိတ်အပင်တွေကြားက စာပေနဲ့ ပတ်သက်တဲ့အခမ်းအနားတွေကို ဆရာတော်က
ရှေ့ကနေ ရဲရဲတောက်ကြံ့ကြံ့ခံ ကျင်းပခဲ့တဲ့ ဂုဏ်ကျေးဇူးလည်း ရှိတယ်"ဟု မန္တလေးမြို့ခံစာရေးဆရာ
ဆူးငှက်က ပြောသည်။

ဆရာတော် ဦးပညာဇောတ (ခေါ်) ကိုပညာ(အမရပူရ)ကို ၁၉၃၃ ခုနှစ် ဇန်နဝါရီလ ၅ ရက်နေ့တွင်
မွေးဖွားခဲ့ကြောင်း၊ ၁၉၄၉ ခုနှစ်တွင် မဟာဂန္ဓာရုံဆရာတော်ဘုရားကြီးထံတွင် သာသနာ့ဘောင်သို့
၀င်ရောက်ခဲ့ကြောင်း၊ ၁၉၅၅ ခုနှစ်မှ စတင်ကာ စာပေလောကသို့ ခြေချခဲ့ပြီး ၁၉၆၈ ခုနှစ်
ကိုပညာ(အမရပူရ) ကလောင်အမည်ကို စတင်သုံးစွဲခဲ့ကာ စာနယ်ဇင်းများတွင် တွင်တွင်ကျယ်ကျယ်
ရေးသားခဲ့ကြောင်း၊ ၁၉၉၆ ခုနှစ်တွင် တောင်သမန်ဝန်းကျင် သမိုင်းဝင်နေရာများ (အင်္ဂလိပ် - မြန်မာ
နှစ်ဘာသာ) စာအုပ်ဖြင့် သုတပဒေသာ (၀ိဇ္ဇာ)အမျိုးသားစာပေဆုကို ရရှိခဲ့ကြောင်း၊ ၂၀၁၆ ခုနှစ်
မေလ ၂၁ ရက်နေ့(ကဆုန်လပြည့်နေ့)တွင် တောင်လေးလုံး ကျောင်းတိုက်၌် ကွယ်လွန်ခဲ့ကြောင်း
မှတ်တမ်းများအရ သိရသည်။

မြန်မာသက္ကရာဇ်ဖြင့် ဆရာတော်ကွယ်လွန်သည့် တစ်နှစ်ပြည့်တွင် အထိမ်းအမှတ် ကျောက်စာတိုင်
စိုက်ထူခြင်းဖြစ်ပြီး တောင်လေးလုံးကျောင်းတိုက် သူဌေးဘုရားရင်ပြင်တွင် ဆရာဒဂုန်တာရာ၊
ဆရာတင်မိုး၊ ၊ ဆရာမြသန်းတင့်၊ ဆရာကြည်အောင်၊ ဆရာ မောင်ချောနွယ်၊ ဆရာလှသန်း၊
ဆရာအောင်ဘညို၊၊ ဟံသာဝတီဦးဝင်းတင်စသည့် အထိမ်းအမှတ် ကျောက်စာတိုင်များလည်း ရှိသည်။



မြန်မာတစ်နိုင်ငံလုံးဆိုင်ရာ COVID-19 အချက်အလက်

ဖတ်ရှုမှုအများဆုံး