အီရန်နိုင်ငံဘက်မှ မသင်္ကာဖွယ်ရာ လူနှစ်ဦးလိုက်ပါလာကြောင်း မန္တလေးအပြည်ပြည်ဆိုင်ရာ
လေဆိပ်သို့ မမှန်မကန်ဖုန်းဆက်သူကို လေဆိပ်နယ်မြေရဲစခန်းတွင် မေ ရ ရက်က
ဆက်သွယ်ရေးဥပဒေပုဒ်မ ၆၆(ဃ)အရအမှုဖွင့်ထားကြောင်း မန္တလေးတိုင်းဒေသကြီး
ရဲတပ်ဖွဲ့မှူးရုံးက သိရသည်။
မေ ၂ ရက်၊ မွန်းလွဲ ၁၂ နာရီ ၂၂ မိနစ်ခန့်က မန္တလေးအပြည်ပြည်ဆိုင်ရာ လေဆိပ်လေကြောင်း
ထိန်းမျှော်စင်ရှိ ဖုန်းနံပါတ်သို့ ထိုင်းနိုင်ငံ ဒွန်မောင်းလေဆိပ်မှ မန္တလေးအပြည်ပြည်ဆိုင်ရာ
လေဆိပ်သို့ ဆိုက်ရောက်မည့် Air Asia လေကြောင်းလိုင်းမှ ခရီးစဉ်အမှတ် FD244 လေယာဉ်ဖြင့်
လိုက်ပါလာသော ခရီးသည်များတွင် အီရန်နိုင်ငံဘက်မှ ပြန်လာသည့်မသင်္ကာဖွယ်ရာ
သံသယရှိသူနှစ်ဦးလိုက်ပါလာကြောင်း အမျိုးသမီးတစ်ဦးက ဖုန်းဆက်အကြောင်းကြားခဲ့သည်ဟု
ဆိုသည်။
သတင်းရရှိသည့်အချိန်တွင် လေယာဉ်ဖြင့်လိုက်ပါလာသည့် သံသယရှိသူဟုဆိုသူနှစ်ဦးမှာ
မန္တလေးမြို့ဘက်သို့ထွက်ခွာသွားပြီဖြစ်ပြီး လေယာဉ်မှာလည်း ဒွန်မောင်းလေဆိပ်သို့ပြန်လည်
ထွက်ခွာရန် လေယာဉ်ပြေး လမ်းပေါ် ရောက်ရှိနေပြီဖြစ်သဖြင့် ထွက်ခွာခွင့်တားဆီးခဲ့သည်။
အကြမ်းဖက်တိုက်ဖျက်ရေးမှ ရဲတပ်ဖွဲ့များပါဝင်သည့် ပူးပေါင်းအဖွဲ့သည် ခရီးသည် ၁၁၆ ဦးကို
ဂိတ်အမှတ် (၉/၁ဝ)တွင် ခေတ္တနားရန်စီစဉ် ဆောင်ရွက်ခဲ့ပြီး သံသယရှိသူနှစ်ဦးကို လေဆိပ်
လူဝင်မှုကြီးကြပ်ရေးမှတ်တမ်းများဖြင့် တိုက်ဆိုင်စစ်ဆေးခြင်း၊ လေယာဉ်ပေါ်ရှိ ခရီးသည်
ထိုင်ခုံများ၊ လက်ဆွဲအိတ်တင်ဆောင်သည့်လေယာဉ်များ၊ အများသုံး သန့်စင်ခန်းများသို့
မိုင်းရှင်းလင်းခြင်းများ ဆောင်ရွက်ခဲ့ရာ ထူးခြားမှု မရှိသဖြင့် ခရီးသည်များကို ပြန်လည်
တင်ဆောင်ကာ လေယာဉ်ကိုထွက်ခွာခွင့်ပြုခဲ့သည်။
ဖြစ်စဉ်ကို ဆက်လက်စုံစမ်းခဲ့ရာ သံသယရှိသူဟုဆိုသူ အမျိုးသားနှင့် အမျိုးသမီးတို့သည်
သမီးရည်းစားများဖြစ်ပြီး မန္တလေးမြို့တွင် နေထိုင်သူများဖြစ်ကြောင်း၊ အမျိုးသားမှာ
ရုပ်ရှင်ဒါရိုက်တာတစ်ဦးဖြစ်ပြီး အီရန်နိုင်ငံတွင်ပြုလုပ်သော ရုပ်ရှင်ပွဲတော်သို့
သွားရောက်ခြင်းဖြစ်ကြောင်း စစ်ဆေးပေါ်ပေါက်ခဲ့သည်။
စစ်ဆေးပေါ်ပေါက်ချက်အရ သတင်းပေးတိုင်ကြားသူသည် လေဆိပ်သို့ ဆက်သွယ်
တိုင်ကြားရာတွင် အမည်ဖော်ပြတိုင်တန်းမှု မရှိခြင်း၊ ၄င်းဆက်သွယ်တိုင်ကြားသော ဖုန်းနံပါတ်သို့
ထပ်မံဆက်သွယ်ရာ ဖုန်းပိတ်ထားခြင်းကြောင့် တိုင်ကြားသူသည် အတိုင်ခံရသူများ၏ မိသားစုများ
အရှက်ရစေရန်ရည်ရွယ်ပြီး မဟုတ်မမှန်သတင်းပေးတိုင်ကြားခြင်းဖြစ်ကြောင်း ရဲတပ်ဖွဲ့က
သုံးသပ်ခဲ့သည်ဟုဆိုသည်။
မေ ၅ ရက်တွင်လည်း လေကြောင်းထိန်းမျှော်စင်သို့ အခြားဖုန်းနံပါတ်တစ်ခုဖြင့်သံသယရှိသူများ
ဖမ်းဆီးစစ်ဆေးနေပြီလားဆိုသည့် အခြေအနေသိရှိလိုကြောင်း မေးမြန်းလာသဖြင့်
ဖုန်းလက်ခံသူက ဖုန်းဆက်သူ၏ အမည်ကိုမေးမြန်းရာ ဖုန်းချသွားခဲ့သဖြင့် လေကြောင်း
ရဲတပ်ဖွဲ့ခွဲ(မန္တလေး)က ပြန်လည်ဆက်သွယ်ခေါ်ဆိုသော်လည်း ဖုန်းပိတ်ထားခဲ့သည်။
အဆိုပါဖြစ်စဉ်နှင့်ပတ်သက်ပြီး မမှန်မကန်တိုင်ကြားခံရသူ ရုပ်ရှင်ဒါရိုက်တာဆိုသူက
မမှန်မကန်တိုင်ကြားသည့် အမျိုးသမီးတစ်ဦးကို အရေးယူပေးရန်တိုင်ကြားသဖြင့်
လေဆိပ်နယ်မြေရဲစခန်းတွင် (ပ)၅၉/၂ဝ၁၇၊ ဆက်သွယ်ရေးဥပဒေပုဒ်မ ၆၆(ဃ) အရ
အမှုဖွင့်ပြီး ဖမ်းဆီးရမိရေး ဆောင်ရွက်လျက်ရှိသည်။















