မြေရင့်မြေကို မြေနုကျွန်းအဖြစ်သို့ ပြောင်းလဲလိုက်သည်ဟုဆိုကာ တိုင်းဒေသကြီးလယ်၊ဆည်ဝန်ကြီးဖြုတ်ချပေးရေး တောင်သူများ ဆန္ဒဖော်ထုတ်တောင်းဆို

မြေရင့်မြေကို မြေနုကျွန်းအဖြစ်သို့ ပြောင်းလဲလိုက်သည်ဟုဆိုကာ တိုင်းဒေသကြီးလယ်၊ဆည်ဝန်ကြီးဖြုတ်ချပေးရေး တောင်သူများ ဆန္ဒဖော်ထုတ်တောင်းဆို

မန္တလေးတိုင်းဒေသကြီး၊ မြင်းခြံခရိုင်၊ ငါန်းဇွန်မြို့နယ်၊ ငါန်မြာကျေးရွာရှိ မြေရင့်မြေများကို
မြေနုကျွန်းအဖြစ်သတ်မှတ်၍ အခြားတောင်သူများကို ခွဲခြားလုပ်ကိုင်စေသည့်ဟုဆိုကာ 
တိုင်းဒေသကြီး လယ်ယာစိုက်ပျိုးရေးနှင့် ဆည်မြောင်းဝန်ကြီးကို ဖြုတ်ချပေးရေးအတွက်
ဒေသခံတောင်သူများ စုပေါင်းဆန္ဒဖော်ထုတ်တောင်းဆိုခဲ့ကြောင်းသိရသည်။

ယခုလ ၁၁ ရက်နေ့က ငါန်းမြာကျေးရွာရှိ ဒေသခံတောင်သူ အင်အား ၃၀၀ ၀န်းကျင်ခန့်က
ဆန္ဒပြတောင်းဆိုခဲ့ကြခြင်းဖြစ်ကြောင်း၊ လက်ရှိအစိုးရလက်ထက် တွင် နှစ်အဆက်ဆက်
လုပ်ကိုင်လာသည့် မြေနေရာများကို မြေနုကျွန်းဟုဆိုကာ တောင်သူများကို ခွဲခြမ်းပေးခြင်း
ဖြစ်ကာ ယင်းအတွက်ကြောင့် မူလတောင်သူများ စိုက်ပျိုးမြေဧကများ ဆုံးရှုံးရကြောင်း
ငါန်းမြာကျေးရွာရှိ တောင်သူဦးတိုးကြွယ်က ယခုလ ၁၁ ရက်နေ့တွင်ပြောသည်။

"ကျွန်တော်တို့ နိုင်ငံရဲ့အခြေခံ လူတန်းစားတွေကိုက တောင်သူလယ်သမားတွေပါ။
တောင်သူတွေကို သားသမီးသဖွယ် သဘောမထားတဲ့အတွက် ၀န်ကြီးမို့လို့အလိုမရှိ
တာပါ။ တောင်သူတွေကို ဖိနှိပ်ချူပ်ချယ်လို့ အလိုမရှိတာပါ။ နှစ်အဆက်ဆက်က
ဒီမြေကွက်ပေါ် ကိုဒီဦးပိုင်အမှတ်နဲ့ လုပ်ကိုင်စားသောက်နေတာကို သူတို့လက်ထက်
ရောက်မှာ မြေနုကျွန်းပါဆိုပြီးတော့ အကုန်ခွဲခြမ်းပစ်တယ်။ ကျွန်တော်တို့ က
အကုန်သီးနှံတွေစိုက်ထားတယ် ဆိုတော့ ရဲအင်အားတွေကို သုံးတယ် တောင်သူတွေကို
ဖမ်းဆီးထောင်ချပါတယ်" ဟုဦးတိုးကြွယ်က ပြောသည်။

တောင်သူများက တရားဥပဒေမဲ့စွာ တရားစွဲဆိုနေခြင်းများ ချက်ချင်းရပ်၊ တောင်သူများ
အနိုင်ကျင့်သူ ပြည်သူရန်သူ၊ စိုက်ပျိုးရေးနှင့် လည်ဆည်ဝန်ကြီး အလိုမရှိ၊ တောင်သူအချင်း
ချင်း ရန်တိုက်ပေးသူ အလိုမရှိ စသည့် ဖြင့်ကြွေးကြော်၍ ဆန္ဒဖော်ထုတ်တောင်းဆိုခဲ့
ကြသည်။

ယခုလ၉ရက်နေ့ကငါန်းမြာမြေနုကျွန်းခွဲဝေချထားနိုင်ရေး ဆောင်ရွက်မှုအခြေအနေများနှင့်
ပတ်သက်ပြီး သက်ဆိုင်ရာ လယ်ယာမြေစီမံခန့်ခွဲမှုအဖွဲ့ဝင်များ၊ လွှတ်တော်ကိုယ်စား
လှယ်များ၊ မြို့နယ်အုပ်ချူပ်ရေးအဖွဲ့အစည်းများ၊ ရဲတပ်ဖွဲ့ဝင်များက အစိုးရအဖွဲ့ရုံးတွင်
သတင်းစာရှင်းလင်းပွဲပြုလုပ်ခဲ့သည်။

မြေနုကျွန်းဆိုသည်မှာ ဧရာဝတီမြစ်ရေ ကျချိန်တွင် ပေါ်ထွက်လာသော မြေနေရာများကို
ခေါ်ဆိုခြင်းဖြစ်ပြီး နှစ်စဉ် စက်တင်ဘာလလောက်တွင် မြေနုကျွန်းများကို တိုင်းတာပြီး
တောင်သူများကို အညီအမျှခွဲဝေပေးရခြင်းဖြစ်ပြီး လက်ရှိတွင် မြေနုကျွန်းမြေနေရာခွဲဝေ
ရာတွင် မြေနေရာခွဲဝေချင်သည့် တောင်သူနှင့် မြေရင့်အတိုင်းလုပ်ကိုင်လို့သည့်
တောင်သူများ အငြင်းပွားနေခြင်းဖြစ်ကြောင်း သိရသည်။

ယင်းမြေနုကျွန်းကို ယခင်နှစ်က ဧက ၁၉၁၆ ဧက ပေါ်ထွက်ခဲ့ပြီး တောင်သူ ၁၈၇၇ ဦးကို
အညီအမျှခွဲဝေပေးခဲ့ပြီး ယင်းတောင်သူများအနက် တောင်သူ ၁၅၀၀ ကျော်ကလယ်ယာမြေ
ဥပဒေအတိုင်း ခွဲဝေမှုကိုလက်ခံပြီး ကျန်တောင်သူ ၃၀၀ ၀န်ကျင်ခန့်ကသာ မြေနေရာ
ခွဲဝေမှုကို လက်မခံဘဲ နှောက်ယှက်မှုများ ပြုလုပ်ခြင်းဖြစ်ကြောင်း၊ယင်းနှောက်ယှက်
နေသည့် တောင်သူများအနက်မှ အချို့ကို ၀တ္တရားနှောက်ယှက်မှု ပုဒ်မ ၃၅၃ ဖြင့်
တရားစွဲဆိုထားရခြင်းဖြစ်ကြောင်း မြင်းခြံမြို့နယ် အထွေထွေအုပ်ချူပ်ရေးမှူး
ဦးအောင်နိုင်ဦးက ပြောသည်။

လက်ရှိဖြစ်ပေါ်နေသည့် ပြဿနာသည့် တောင်သူနှင့် အစိုးရဖြစ်နေသည့် ပြဿနာမျိုး
မဟုတ်ဘဲ တောင်သူအချင်းချင်းဖြစ်နေသည့် ပြဿနာမျိုးသာဖြစ်ကြောင်း သက်ဆိုင်ရာ
လယ်ဆည်အဖွဲ့အစည်းများ အနေဖြင့် ၂၀၁၂ ခုနှစ်လယ်ယာမြေ နည်းဥပဒေများ
အတိုင်းသာ ဆောင်ရွက်လုပ်ကိုင်နေခြင်းသာဖြစ်ကြောင်း သက်ဆိုင်ရာမြို့နယ်
လွှတ်တော်ကိုယ်စားလှယ်များက မှတ်ချက်ပြုသည်။

"အရင်နှစ်တုန်းကလည်း ကျွန်တော်တို့ အကြိမ်ကြိမ်ညှိနှိုင်းဖြေရှင်းမှုတွေ လုပ်ခဲ့ပါတယ်။
ဒါပေမယ့် တချို့တောင်သူတွေက လက်မခံခဲ့ပါဘူး။ အဲဒါကြောင့် တချို့တောင်သူတွေကို
၀တ္တရားနှောက်ယှက်မှု ပုဒ်မ ၃၅၃ နဲ့ တရားစွဲဆိုခဲ့ရပါတယ်။ ကျွန်တော်တို့ဖက်က
ဒါတွေကို မလုပ်ချင်ပါဘူး အခုလိုတရားစွဲဆိုလိုက်တဲ့အတွက် သူတို့အနည်းငယ်
အဟန့်အတားဖြစ်သွားအောင် ဆွဲဆိုရတာပါ။ အားလုံးကို အညီအမျှပဲ ခွဲဝေပေးချင်
ပါတယ်" ဟုဦးအောင်နိုင်ဦးက ပြောသည်။



မြန်မာတစ်နိုင်ငံလုံးဆိုင်ရာ COVID-19 အချက်အလက်

ဖတ်ရှုမှုအများဆုံး