မန္တလေးမြို့ ချမ်းအေးသာစံမြို့နယ်ရှိ ခုတင် ၅၅၀ ဆံ့ ကလေးဆေးရုံကြီးကို မြို့ခံများ သိရှိမှု
နည်းပါး နေသေးကြောင်း ဆေးရုံအုပ်ကြီး ဒေါက်တာအောင်ကျော် မြင့်၏ ပြောကြားချက်အရ
သိရသည်။
ခုတင် ၅၅၀ ဆံ့ ကလေးဆေးရုံကြီးကို ၂၀၁၁ ဇွန် ၂၅ ရက်က စတင်ဖွင့်လှစ်ပေးခဲ့ကြောင်း ၎င်း
ကပြောသည်။ "မန္တလေးမှာ ခုတင် ၃၀၀ ဆံ့ ကလေး ဆေးရုံနဲ့ ခုတင် ၅၅၀ ဆံ့ ကလေးဆေးရုံ
ဆိုပြီး နှစ်ခုရှိတယ်။ ဒါပေမယ့် တစ်ခုတည်းပဲ ထင်နေကြတယ်။ ခုတင် ၃၀၀ ဆံ့ ကလေးဆေးရုံ
က မန္တလေးပြည်သူ့ဆေးရုံကြီး ၀င်ထဲမှာရှိတယ်။ အခုဆေးရုံက ဖွင့်တာမကြာသေးအတွက်
သိတဲ့လူသိပ်မရှိဘူး။ အခုတော့ တင်ချင်းဆက် အမြွာ ခွဲစိတ်အောင်မြင်ခဲ့အတွက် တော်တော်
လေးတော့ သိလာတာများလာပြီ"ဟု ဒေါက်တာအောင်ကျော်မြင့်က ပြောသည်။
ခုတင် ၅၅၀ ဆံ့ ကလေးဆေးရုံကြီးသည် ကုသရေးအပြင် သင်ကြားမှုအပိုင်းလည်း တွဲဘက်
ပါ၀င်ကြောင်း၊ အထူးကု ဆရာဝန်ကြီး ၂၅ ယောက်၊ လက်ထောက်ဆရာဝန် ၄၆ ယောက်
အပြင် သူနာပြုဆရာမ ၁၄၃ ယောက်ရှိသည်။
"ဆေးရုံမှာ အဆောက်အအုံပေါင်း ၃၄ လုံးရှိတယ်။ ဖျားနာဆောင် သုံးဆောင်၊ ခွဲစိတ်ခန်း၊
မွေးကင်းစ ကလေးကုသဆောင်၊ အထူးကြပ်မတ် ကုသဆောင်၊ ကူးစက်လူနာဆောင်၊
အခကြေးငွေ ယူတဲ့အဆောင်၊ ဓာတ်မှန်ခန်း၊ ခွဲစိတ်ခန်း၊ ကလေးကစားကွင်းများလည်း ပါ၀င်
ကြောင်း" ဒေါက်တာ အောင်ကျော်မြင့် ကပြောသည်။
ကျန်းမာရေးဝန်ကြီးဌာန၏ လမ်းညွှန် ချက်များနှင့်အညီ အထူးကြပ်မတ်ကုသ ပေးပြီး၊
ငွေကြေးမတတ်နိုင်သူများကို လည်း အခမဲ့ကုသပေးသည်။
"ငွေကြေးမတတ်နိုင်သူများကို အခမဲ့ကုသပေးတယ်၊ အဆောင်တွေမှာလည်း စာတွေကပ်
ထားတယ်။ ကျွန်တော်ရဲ့ ဖုန်းနံပါတ်တွေလည်း ထည့်ပေးထားတယ်။အခက်အခဲ မရှိအောင်
ဆောင်ရွက်ပေးတယ်။ ကစားကွင်းတွေလည်း ထည့်ပေးထားတယ်"ဟု ၎င်းက ဆက်လက်ေ
ပြောသည်။
ခုတင် ၅၅၀ ဆံ့ ဆေးရုံသည် ၁၂ နှစ် အောက် ကလေးများကိုသာ လက်ခံကုသပေးပြီး၊ ခွဲစိတ်မှု
များကိုလည်း အဆိုပါဆေးရုံမှ ဆောင်ရွက်ပေးကာ၊ ၂၄ နာရီ အရေးပေါ် ကုသပေးကြောင်း
သိရသည်။
"အခုဆိုရင် ပြင်ပလူနာက တစ်ရက်ကို ၅၀ လောက်လာတယ်။ အတွင်းလူ နာက ၁၈၀ရှိတယ်။
ပြီးခဲ့တဲ့လဆိုရင် ၃၀၀ ကျော် ရှိတယ်။ စက်ပစ္စည်းတွေကလည်း နောက်ဆုံးပေါ် ခေတ်မီစက်တွေ
များတယ်။ အရေးပေါ် လူနာတင်ယာဉ် နှစ်စီးမှာလည်း ပစ္စည်းအပြည့်အစုံပါတယ်။ ဆေးရုံ
အဆောက်အအုံများ မှာလည်း အင်တာနက်များ ချိတ်ဆက်ပေးတယ်"ဟု ဒေါက်တာ
အောင်ကျော်မြင့်က ပြောသည်။
မိမိ၏ ကလေးများအား ဆေးကုသရန် ငွေကြေးမတတ်နိုင်ပါက အခမဲ့ ဆေးကုသခွင့်ရရှိရန်
သက်ဆိုင်ရာကလေး အထူးကုဆရာဝန်ကြီးနှင့် ဆေးရုံအုပ်ကြီးထံ တင်ပြအကူအညီတောင်းခံ
နိုင်ကြောင်း သိရသည်။
ခုတင် ၅၅၀ ဆံ့ ကလေးဆေးရုံကြီးကို ဧဒင်အုပ်စုကုမ္ပဏီမှ ကျပ်သန်းပေါင်း ၅,၂၀၀ ကျော်
လှူဒါန်းခဲ့ပြီး၊ ဆေးပဒေသာ ပင်အတွက် ကျပ်သိန်း ၃,၀၀၀ ကိုလည်း လှူဒါန်းခဲ့ကြောင်း ၎င်း
ကပြောသည်။
















