မင်းတုန်းမင်းတရား တည်ထားကိုးကွယ် စိုက်ထူခဲ့သည့် မဟာဗောဓိညောင်ပင်ကို (၁၅၇)ကြိမ်မြောက် ညောင်ရေ သွန်းလောင်း

မင်းတုန်းမင်းတရား တည်ထားကိုးကွယ် စိုက်ထူခဲ့သည့် မဟာဗောဓိညောင်ပင်ကို (၁၅၇)ကြိမ်မြောက် ညောင်ရေ သွန်းလောင်း

သီရိလင်္ကာနိုင်ငံမှ ပင်ဆောင့်လာပြီး မင်းတုန်းမင်းတရားကြီး တည်ထားကိုးကွယ်
စိုက်ထူတော်မူခဲ့သည့် မဟာဗောဓိညောင်ပင်တော်ကြီးနှင့် သီပေါမင်းတို့ စိုက်ထူတော်မူခဲ့သည့်
ညောင်ပင် ၂၁ ပင်တို့အား ညောင်ရေသွန်းလောင်းပွဲကို (၁၅၇) ကြိမ်မြှောက်အဖြစ်
ကဆုန်လပြည့်နေ့ (ဗုဒ္ဓအခါသမယနေ့) တွင် ကျင်းပခဲ့သည်။

အဆိုပါ မဟာဗောဓိညောင်ပင်ကြီးသည် မန္တလေးမြို့၊ မဟာအောင်မြေမြို့နယ်
မဟာနွယ်ဇင်ရပ်ကွက်တွင် တည်ရှိပြီး၊ မဟာနွယ်ဇင်လုံးဆိုင်ရာ ရပ်ကွက် ခြောက်ရပ်ကွက်၏
ရပ်မိရပ်ဖိလူကြီး လူငယ်များ စုပေါင်းကာ ကျင်းပေးခြင်းဖြစ်သည်။

"မင်းတုန်းမင်းက ၁၂၂၂ ခုနှစ် ၊နတ်တော်လပြည့်ကျော် (၆)ရက် တနင်္လာနေ့၊ နေ့လည်
နှစ်ချက်တီးအချိန်မှာ မဟာဗောဓိညောင်ပင်ကို စိုက်ခဲ့တယ်။ နောင် လေးနှစ်အကြာမှာ
ဗောဓိညောင်ပင်ရဲ့ ပတ်ပတ်လည်မှာ သီပေါမင်းက အသက် ၂၀ မှာ နန်းတက်ခဲ့တဲ့အတွက်
နောက်ထပ် ညောင်ပင် ၂၀ နဲ့ မွေးနေ့ထောင့်ဖြစ်တဲ့ စနေထောင့်မှာ တစ်ပင်ထပ်စိုက်ခဲ့တဲ့အတွက်
ညောင်ပင်အားလုံး ၂၂ ပင်ရှိတယ်" ဟု မဟာဗောဓိညောင်ပင်ပြုပြင်စောင့်ရှောက်ရေး ဂေါပကအဖွဲ့
ဥက္ကဋ္ဌ ဦးစံလှက မြန်မာတိုင်း(မ်) ကိုပြောသည်။

ညောင်ရေသွန်းပွဲတော်တွင် မန္တလေးမြို့ဂုဏ်ဆောင် 'မြို့မတူရိယာအသင်း' ကြီး၏ ဧည့်ခံဖျော်ဖြေမှုများ၊
ခြင်းလုံးအလှပြခတ်ကစားကြသည့် ခြင်းအလှပြအသင်း ၁၂ သင်း၏ ဧည့်ခံဖျော်ဖြေခြင်းများ၊
ဘုရားဝင်းအတွင်းတွင် စတုဒီသာ ကျွေးမွေးဧည့်ခံခြင်းများဖြင့် အထူးစည်ကားသည့် မန္တလေးမြို့၏
ဒုတိယသင်္ကြန်ပွဲတော်ကြီး တစ်ခုလည်းဖြစ်ပေသည်။

ညောင်ရေသွန်းပွဲတော်သည် ဗုဒ္ဓဘာသာဝင် မြန်မာလူမျိုးတို့၏ ဘာသာရေး ဓလေ့ပွဲတော်တစ်ခုဖြစ်ပြီး
ဂိမာနဟုဆိုအပ်သော နွေဥတုနောက်ဆုံးလဖြစ်သည့် ကဆုန်လပြည့်နေ့တွင် ကျင်းပခြင်းဖြစ်သည်။

ထိုနေ့သည် ဗုဒ္ဓဘုရားဖွားမြင်တော်မူသည့်အပြင် ဘုရားအဖြစ်သို့လည်း ရောက်တော်မူသည်။
ပရိနိဗာန်စံတော်မူသည့်နေ့လည်းဖြစ်ပေသည်။ ဗုဒ္ဓဘုရားနှင့် စပ်လျဉ်းသည့် နေ့ထူးနေ့မြတ်ဖြစ်၍
ညောင်ရေသွန်းပွဲတော်သည် ဗုဒ္ဓဘာသာ မြန်မာလူမျိုးတို့ အမွန်မြတ်ထားသော
ပွဲတော်တစ်ခုဖြစ်သည်။



မြန်မာတစ်နိုင်ငံလုံးဆိုင်ရာ COVID-19 အချက်အလက်

ဖတ်ရှုမှုအများဆုံး