တောင်သာမြို့နယ်ရှိ ကျေးရွာများ လျှပ်စစ်မီးရရှိရေး တိုးချဲ့လုပ်ဆောင်နေ

တောင်သာမြို့နယ်ရှိ ကျေးရွာများ လျှပ်စစ်မီးရရှိရေး တိုးချဲ့လုပ်ဆောင်နေ

 

မန္တလေးတိုင်းဒေသကြီး၊ မြင်းခြံခရိုင်လက်အောက်ရှိ တောင်သာမြို့နယ်အတွင်း ကျေးရွာ
လျှပ်စစ်မီးရရှိရေးမှာ လေးပုံတစ်ပုံကျော်လောက်သာ လျှပ်စစ်မီးရရှိသေးကြောင်း
တောင်သာမြို့နယ်လျှပ်စစ်ဓာတ်အားဖြန့်ဖြူးရေးဌာနမှ သိရသည်။

တောင်သာမြို့နယ်တွင် ကျေးရွာပေါင်း ၂၄၃ ရွာရှိသည့်အနက် ရ၁ ရွာသာ မီးလင်းနိုင်သေးပြီး
အမျိုးသားလျှပ်စစ်ဓာတ်အားပေးရေး စနစ်အောက်ရှိ မြင်းခြံဓာတ်အားခွဲရုံကနေ ၃၃
ကေဗွီလိုင်းဖြင့် ဓာတ်အားရယူကာ တောင်သာ လျှပ်စစ်ဓာတ် အားခွဲရုံမှတဆင့်
ကျေးရွာတွေ ဖြန့်ဝေပြီး မီးလင်းပေးထားရာ လက်ရှိ နောက်ဆုံး တောင်သာ လျှပ်စစ်
စာရင်းဇယားများအရ ရွာပေါင်း ရ၁ ရွာရှိ အိမ်ထောင်စုဦးရေ ၁၄၈၅၀ လျှပ်စစ်ဖြန့်ဝေ
ပေးထားပြီးပြီဖြစ်ကြောင်း မြို့နယ်လျှပ်စစ်ဓာတ်အားဖြန့်ဖြူးရေးဌာန၊စီမံခန့်ခွဲရေး
မန်နေဂျာ ဦးစောမောင်ကြီးက ပြောသည်။

"အကုန်လုံးမပေးနိုင်သေးပါဘူး။လောလောဆယ် ရ၁ ရွာခန့်ပဲပေးနိုင်ပါသေးတယ်။
နောက်ထပ် ကျေးရွာမီးလင်းရေးကိုလည်းတောက်လျှောက်ဆက်လုပ်နေပါတယ်"ဟု
၎င်းက ပြောသည်။ ပြီးခဲ့သော ၂၀၁၄“၁၅ ခုနှစ်က ငစောင်ခွဲရုံမှ ကျေးရွာပေါင်း ၃၉ ရွာ
မီးလင်းရေး အတွက် ယခင်အစိုးရလက်ထက်ကထဲက စီမံကိန်းချထားသော ရွာများ
ရှိခဲ့သည်။ လက်ရှိတွင် ကျေးရွာများ မီးလင်းရေးအတွက် ၁၁ ကေဗွီလိုင်းဖြတ်သန်းသွားသော
ရွာများနှင့် အနီးဆုံးရှိသော ရွာများကို ၁၁ ကေဗွီလိုင်းဆွဲထားပြီးပြီဖြစ်ပြီး ၂၀၀ ကေဗွီရှိ
ဓာတ်အိုးများနှင့် ထရမ်စဖော်တစ်လုံးစီ ၃၉ ရွာသို့ ကျေးရွာအရောက်တည်ဆောက်
ပေးထားပြီဖြစ်ကြောင်း၊ ယင်းထဲမှ လျှပ်စစ်မီးလင်းခွင့် ဆောင်ရွက်ပြီးစီးမှုမှာ ၅ ရွာသာရှိပြီး
ထပ်မံ ဆောင်ရွက်ဆဲရွာ ရ ရွာရှိကာ ၃၉ ရွာစလုံးကို မီးလင်းအောင်လုပ် ဆောင်ပေးသွား
မည်ဖြစ်ကြောင်း သိရသည်။

၂၀၁၆-၂၀၁၇ ဘဏ္ဍာနှစ်တွင် ၃၉ ရွာမီးလင်းရေးကို အပြီးဆောင်ရွက်ခဲ့သော်လည်း
ရွာအတွင်း အိမ်တိုင်ယာရောက် ဖြန့်ဖြူးပေးရန်မှာ ကိုယ်ထူကိုယ်ထစနစ် ၄၀၀ ဗို့လိုင်းဖြင့်
ဆောင်ရွက်ရ သောကြောင့် ရွာများ၏ ဆောင်ရွက်မှုအဆင်သင့်ဖြစ်မဖြစ်အပေါ် မူတည်၍
မီးလင်း ပေးရသည်။အချို့မှာ အဆင်သင့်မဖြစ်သေးသည့်အတွက် မီးလင်းပေး၍မရပေ။

အိမ်တိုင်ယာရောက် လျှပ်စစ်မီးရရှိရေးအတွက် ကုန်ကျစရိတ် ၅ သိန်းကျော်ကုန်ကျပြီး
ယင်း ကုန်ကျစရိတ်မသုံးစွဲနိုင်သေးသူများမှာ လျှပ်စစ်မီးမရရှိသေးကြောင်း တောင်သာမြို့နယ်၊
မင်းယဉ်ကျေးရွာမှ ဒေါ်ငယ်က ပြောသည်။

တောင်သာ လျှပ်စစ်ဖြန့်ချီးရေးဌာနအနေဖြင့် ကျေးရွာအရောက် လျှပ်စစ်မီးရောက်ရှိရေး
ကိုသာ လုပ်ဆောင်ပေးပြီး ရွာမှတဆင့် ရွာအတွင်း အိမ်တိုင်ယာရောက် ဆက်လက်
သွယ်တန်းဖြန့်ဖြူးရေး မှာ ကိုယ်ထူကိုယ်ထစနစ်ဖြင့် အိမ်ထောင်စုများက လုပ်ဆောင်ကြ
ရသည်။

ထိုသို့ လုပ်ဆောင်ရာတွင် ကျေးရွာအတွင်းသွယ်တန်းရေးအတွက် ဓာတ်တိုင်ဆောက်ခြင်း၊
၄၀၀ ဗို့လိုင်းဆွဲခြင်း၊ မီးတာလျှောက်ထားခြင်း စသည့် အဆင်သင့်မဖြစ်သေးသောရွာများမှာ
၁၆ ရွာနီးပါးရှိကြောင်း ဦးစောမောင်ကြီးက ပြောသည်။

လက်ရှိတွင် တောင်သာတစ်မြို့နယ်လုံးရှိ မြို့ရော ရွာပါ တစ်ရက်လျှင် ၂ ဒသမ ၄ မဂ္ဂါ၀ပ်
သုံးစွဲနေပြီး စက်ရုံများမရှိသောကြောင့် သုံးစွဲမှုနည်းကြောင်းသိရသည်။၂၀၁၇-၂၀၁၈
တွင်ကျေးရွာမီးလင်းရေးလုပ်ငန်းတွင် တိုးချဲ့လုပ်ငန်းများ လုပ်ဆောင်ရန်အတွက်
ဓာတ်အားကေဗွီလိုင်းများဖြတ်သန်းသွား သည့် နှစ်မိုင်အတွင်း ကျေးလက်မီး လင်းရေး
လုပ်ငန်း လျာထားချက်တွင် ရွာ ၁၈ ရွာကို လျှပ်စစ်မီးဖြန့်ဖြူးနိုင်ရန်အစီအစဉ်ရှိပြီး
ဘတ်ဂျက်ရရှိရေးအတွက် စောင့်ဆိုင်းနေကြောင်း ၎င်းက ပြောသည်။

"ကျန်တဲ့ရွာတွေမပေးနိုင်ရတဲ့အကြောင်းအရင်းက ခွဲရုံတွေလိုအပ်နေလို့ပါ။
လျှပ်စစ်ဖြန့်ဝေနိုင်ရေး အတွက် ခွဲရုံတွေ တိုးချဲဆောင်ရွက်ဖို့လိုအပ်ပါတယ်။
နိုင်ငံတော်အစီအစဉ်နဲ့ တိုးချဲ့ လုပ်ငန်း တွေလုပ်နေပြီ။ အစိုးရကချပေးတဲ့
တိုင်းဒေသကြီး ဘတ်ဂျက်အပေါ်မှာ မူတည်ပြီး လျှပ်စစ်တိုး ချဲ့လိုင်းတွေ ဆွဲသွားပေးရတဲ့
အတွက် နိုင်ငံတော်က လည်း သူ့ဘတ်ဂျတ်အပေါ်မှာ မူတည်ပြီး လုပ်ဆောင်ပေးရတဲ့
အခြေအနေတွေရှိပါတယ်" ဟု တောင်သာမြို့နယ်လျှပ်စစ်ဓာတ်အား ဖြန့်ဖြူးရေး၊
စီမံကိန်းမန်နေဂျာကပြောသည်။

တောင်သာမြို့နယ်တွင် ကျေးရွာပေါင်း ၂၄၃ ရွာထဲမှ လျှပ်စစ်မီးမရရှိသေးသည့်
ကျေးရွာ ၁၇၀ ကျော်မှာ လျှပ်စစ်မီးရရှိရေးအတွက် ခွဲရုံများတိုးချဲ့တည်ဆောက်ရန်
လိုအပ်နေသည်။ တဖက်တွင် လျှပ်စစ်ရရှိရေးအတွက် တောင်သာမြို့နယ်အတွင်း
လျှပ်စစ်စက်ရုံစီမံကိန်းသစ်ကြီး တစ်ခု ထပ်မံတည်ဆောက်နေပြီး လက်ရှိတွင်
Aggreko လျှပ်စစ်ဓာတ်အားပေးစက်ရုံနှင့်V power လျှပ်စစ်ထုတ်လုပ်ပေးရေး
စက်ရုံများတည်ရှိသည်။ ယင်းထဲမှ V Power လျှပ်စစ်ထုတ်လုပ်ပေး ရေး စက်ရုံသည်
အမျိုးသားလျှပ်စစ်ဓာတ်အားပေးရေးစနစ်ထဲသို့ တိုက်ရိုက်ဝင်ရောက်ပြီး
တောင်သာမြို့နယ်ကိုလျှပ်စစ်ဖြန့်ဝေပေးနေရာ ထပ်မံလိုအပ်လာပါကလည်း
ထပ်တိုးထုတ်ပေးနိုင်ကြောင်း စက်ရုံတာဝန်ရှိသူက ပြောသည်။

National Grid ဖြင့် တောင်သာမြို့နယ်တစ်ခုလုံးကို လျှပ်စစ်ဓာတ်အားဖြန့်ဖြူးပေး
နေသော ထုတ်လုပ်နိုင်စွမ်းအား ၁၃၃ မဂ္ဂါ၀ပ်ရှိသော V power လျှပ်စစ်ထုတ်လုပ်ရေး
ကုမ္ပဏီမှာ ၂၀၁၆ ခုနှစ် ဇွန်လတွင် စတင်လည်ပတ်ခဲ့၍ ဖြန့်ချီပေးနေကြောင်း
အဆိုပါကုမ္ပဏီ၏Transaction Manager ၊ Mr Raphael Liuက ပြောသည်။

စက်တစ်လုံးလျှင် ၁ ဒသမ ၅၆ မဂ္ဂါ၀ပ်ရှိပြီး စက်တပ်ဆင်အား ၁၀၂ ခုရှိသော
V power လျှပ်စစ်ထုတ်လုပ်ရေးစက်ရုံမှာ အစိုးရစီမံကိန်းဖြစ်ကာ လျှပ်စစ်နှင့်
စွမ်းအင် ၀န်ကြီးဌာနနှင့် ထိုင်ဝမ်V power ကုမ္ပဏီတို့က စာချုပ်ချုပ်ဆိုထားခြင်း
ဖြစ်သည်။ အဆိုပါစက်ရုံလည်ပတ် ရေးအတွက် လိုအပ်သော သာဘာဝဓာတ်ငွေ့ကို
ပြည်တွင်း မြန်မာ့ရေနံနှင့် သဘာဝဓာတ် ငွေ့လုပ်ငန်းက ဖြည့်ဆီးပေးနေသည်။

အဆိုပါကုမ္ပဏီအနေဖြင့် လျှပ်စစ်ဓာတ်အားများကို အမျိုးသားဓာတ်အားပေးစနစ်ထဲသို့
တိုက်ရိုက်ပေးပို့ပြီး စာချုပ်သဘောတူညီမှုဖြင့် ၁၃၃ မဂ္ဂါ၀ပ် ထုတ်ပေးရပြီး အကယ်၍
ထပ်တိုးလိုအပ်ပါကလည်း ထပ်တိုးထုတ်ပေး၍ရကြောင်း Mr Raphael Liu က
ပြောသည်။



မြန်မာတစ်နိုင်ငံလုံးဆိုင်ရာ COVID-19 အချက်အလက်

ဖတ်ရှုမှုအများဆုံး