ပုဂံရှေးဟောင်းယဉ်ကျေးမှုဇုန်ကို လာရောက်လည်ပတ်သည့် နိုင်ငံခြားသားခရီးသွားများထံမှ
ကောက်ခံရရှိသည့် ဇုန်ဝင်ကြေးများ၏ လေးရာခိုင်နှုန်းဖြင့် ပုဂံဒေသရှိ ဘုရားများ၏ လမ်းများကို
စတင်ပြုပြင်နေပြီဖြစ်ကြောင်း ပုဂံဒေသတိုးတက်ဖွံ့ဖြိုးရေးအသင်း ဥက္ကဌ ဦးခင်မောင်နုက
ယခုလ ၁၅ရက်နေ့က ပြောသည်။
"ပုဂံဒေသတိုးတက်ရေးအတွက် ရရှိထားတဲ့ငွေကြေးထဲကနေ အခု ဘုရားလမ်းတွေ
ပြုပြင်နေပါတယ်။ ဘုရားလမ်းတွေကို အဆင့်မြှင့်တင်တာမျိုးတွေလုပ်ဖို့လိုပါတယ်။
အချို့ဘုရားတွေကို သွားမယ်ဆိုရင် လမ်းကောင်းကောင်းမရှိဘူး။အဲဒီတော့ ခရီးသွားတွေက
မရောက်ဖြစ်ကြဘူး။အခုအဲဒါတွေကို ပြင်ဖို့လုပ်မယ်။ လက်ရှိအနေနဲ့တော့ မင်္ဂလာစေတီ
ဘုရားနားက လမ်းကို အဆင့်မြှင့်တင်နေ တယ်။လောကဥသျှောင် ဘုရားနားမှာလဲ
ပြင်ဆင်နေပါတယ်"ဟု ဦးခင်မောင်နုက ပြောသည်။
ပုဂံဒေသသို့လာရောက်သည့် နိုင်ငံခြားသားခရီးသွားများထံမှ ရရှိသည့် ဇုန်ဝင်ကြေးများ
ထဲမှ လေးရာခိုင်နှုန်းကို ပုဂံဒေသတိုးတက်ရေးအတွက် အသုံးပြုနိုင်ပြီး၊ လက်ရှိအချိန်တွင်
ပုဂံဒေသတိုးတက်ရေးအတွက် ကျပ်သိန်း ငါးရာ ရရှိထားကြောင်းနှင့် အဆိုပါ ငွေကြေးများ
ထဲမှ ၅၀ ရာခိုင်နှုန်းကို ပုဂံဒေသရှိ လမ်းများအတွက် အသုံးပြုနိုင်ပြီး၊ကျန်သည့်တဝက်ကို
ပုဂံဒေသ သဘာဝပတ်ဝန်းကျင် အတွက် အသုံးပြုမည်ဖြစ်ကြောင်းအဆိုပါအသင်းထံမှ
သိရသည်။
"ပုဂံဘုရားတွေကို လည်ပတ်လို့ မောပန်းတယ်ဆိုရင် အနားယူစရာနေရာတွေမရှိဘူး။
ထိုင်ခုံလေးတွေမရှိဘူး။ အဲဒါလေးတွေ လုပ်ဆောင်သွားမယ်။ ပန်းခြံငယ်လေးတွေ
လုပ်ဆောင်သွားမယ်။ ဘုရားလမ်းတွေကိုလည်း ထပ်ပြီး ပြင်ဆင်ဖို့ အတွက်ရှိပါသေးတယ်။
ထပ်ပြီး ပြင်ဆင်တာတွေ လုပ်ဆောင်သွားဦးမှာပါ"ဟု ဦးခင်မောင်နု က ပြောသည်။
နိုင်ငံခြားသားခရီးသွားများထံမှ ရရှိသည့် ဇုန်ဝင်ကြေးများထဲမှ ၉၀ ရာခိုင်နှုန်းကို နိုင်ငံတော်မှ
ရရှိပြီး၊ ၆ ရာခိုင်နှုန်းကို ခရီးသွားလာမှု ဖွံ့ဖြိုးရေးအတွက် အသုံးပြုပြီး၊ လေးရာခိုင်နှုန်းကို
ပုဂံဒေသဖွံ့ဖြိုးရေးအတွက် အသုံးပြုကြောင်း ရှေးဟောင်းသုတေ သနနှင့်အမျိုးသားပြတိုက်
ဦးစီးဌာန (ပုဂံဌာနခွဲ) ညွန်ကြားရေးမှူး ဦးအောင်အောင်ကျော်ထံမှသိရသည်။
"ပုဂံဒေသဆိုတာ နှစ်စဉ် ခရီးသွားတွေလာကြတယ်။တစ်နှစ်ထက် တစ်နှစ်တိုးတက်လာတယ်။
အဲဒီတော့ ပုဂံဒေသနဲ့ပတ်သက် တာတွေကိုလည်း ဒီထက်ပိုပြီး ပြင်ဆင်နေရမှာပါ။
နောက်ဆုံးကုန်ကုန်ပြောရရင် အမှိုက်ပုံးတောင် နေရာတိုင်းမှာ ရှိထားသင့်တယ်။ ဒီထက်ပိုပြီး
ပြင်ဆင်မှုတွေထပ်လုပ်ဖို့ လိုသေးတယ်လို့ထင်တယ်"ဟု ညောင်ဦးမြို့ခံ ဦးစိုးဝင်းက
ပြောသည်။
















