သပိတ်ကျင်းမြို့နယ်အနီးရှိ သစ်တောများတွင် တောရိုင်းဆင်များအား သတ်ဖြတ်မှုများရှိနေ

သပိတ်ကျင်းမြို့နယ်အနီးရှိ သစ်တောများတွင် တောရိုင်းဆင်များအား သတ်ဖြတ်မှုများရှိနေ

မန္တလေးတိုင်းဒေသကြီး၊ ပြင်ဦးလွင်ခရိုင်၊ သပိတ်ကျင်းမြို့နယ် အနီးတဝိုက်ရှိ သစ်တောများတွင်
ကျင်လည်ကျက်စားနေသည့် တောရိုင်းဆင်များကို ဖမ်းဆီးသတ်ဖြတ်မှုများ ရှိနေကြောင်း
သပိတ်ကျင်းမြို့နယ် တောရိုင်းတိရစ္ဆာန် ထိန်းသိမ်းစောင့်ရှောက်ရေး ၉ မိုင်ကျေးရွာ ရှေ့တန်းရုံးစခန်း
တာဝန်ခံ ဦးစိုင်းညီညီကပြောသည်။

ယခုလ ၃ ရက်နေ့မှ ၁၀ ရက်နေ့အထိ သတ်ဖြတ်ခံထားရသည့် တောရိုင်းဆင် နှစ်ကောင်နှင့်
အဆိပ်လူးမြားထိမှန်ထားသည့် တောရိုင်းဆင်တစ်ကောင်ကို သပိတ်ကျင်းမြို့နယ်အနီးရှိ တောထဲတွင်
တွေ့ရှိထားကြောင်း၊ လက်ရှိတွင် အဆိပ်လူးမြားထိမှန်ထားသည့် တောရိုင်းဆင်ကို အဆိပ်ထိမှန်
ထားသည့် အသားစများအား ဖယ်ထုတ်ပြီး ဆေးကုသမှုပေးထားကြောင်း ဦးစိုင်းညီညီက
မြန်မာတိုင်း(မ်) ကိုယခုလ ၁၄ ရက်နေ့တွင်ပြောသည်။

"ကျွန်တော်တို့ ရွှေဥဒေါင်း ဘေးမဲ့သစ်တောကြိုးဝိုင်းနဲ့ ဆက်စပ်တော ဧရိယာတွေမှာ
တောဆင်ရိုင်းတွေကို သတ်ဖြတ်ထားတာတွေ့ရတာပေါ့။ နှစ်ကောင်ကိုတော့ အသေတွေ့တယ်
တစ်ကောင်ကတော့ အဆိပ်မြားနဲ့ ပစ်ခံထားရတယ်သူကတော့ မသေပါဘူး။
အခုဆေးကုသထားပေးလို့ အခြေအနေကတော့ အတော်ကောင်းပါတယ်။ တောထဲမှာ လူလွှတ်ပြီး
အနောက်ကနေ စောင့်ကြည့်ပေးနေရတယ်။ ဘာကြောင့်သတ်တယ်ဆိုတာကိုတော့
မပြောတတ်ပါဘူး။ ဆင်စွယ်ဆိုတာကလည်း စျေးကွက်စီးပွားရေအရ ကောင်းတယ်ဆိုတော့
အဲဒါကြောင့်လည်း ဖြစ်နိုင်ပါတယ်"ဟု ဦးစိုင်းညီညီ ကပြောသည်။

ယခုလ ၃ ရက်နေ့က ရွှေဥဒေါင်း ဘေးမဲ့တောအနီး အုန်းပိုင်ကျေးရွာအရှေ့ဖက် ခုနှစ်မိုင်အကွာတွင်
တောရိုင်းဆင်သေ တစ်ကောင်းကို တွေ့ရှိခဲ့ခြင်းဖြစ်ပြီး ၆ ရက်နေ့တွင် စပ္ပာယ်နဂိုရ်ကျေးရွာအုပ်စု
အတွင်း၌ နောက်ထပ်ဆင်ရိုင်းတစ်ကောင် အသေတွေ့ရှိခြင်းဖြစ်ကာ ၁၀ ရက်နေ့တွင်
သပိတ်ကျင်းမြို့နယ် ရ မိုင်ကျေးရွာအနီးတွင် အဆိပ်လူးမြားထိထားသည့် ဆင်တစ်ကောင်ကို
ထပ်မံတွေ့ရှိခြင်းဖြစ်ကြောင်း၊ သေဆုံးသွားသော ဆင်နှစ်ကောင်အနက် တစ်ကောင်မှာ အမဖြစ်ပြီး
ကျန်တစ်ကောင်မှာ အပိုင်းပိုင်းဖြတ်ထားသည့်အတွက် အထီး၊အမခွဲခြားရန်ခက်ခဲကြောင်း
ဦးစိိုင်းညီညီ ကပြောသည်။

"ကျွန်တော်တို့ တွေ့တော့ ပုပ်ပွနေပါပြီး နောက်ပြီး အပိုင်းပိုင်းဖြတ်ထားတဲ့အတွက်
နောက်တစ်ကောင်က အထီးအမခွဲဖို့ ခက်တယ်။ ခေါင်းကနေဖြတ်ယူသွားတဲ့အတွက် ဆင်စွယ်ပါလား
မလာဘူးလားဆိုတာတော့ ပြောရခက်ပါတယ်။ ဆေးကုပေးထားတဲ့ ဆင်ကတော့ အထီးပါ
အသက်၂၅ နှစ်လောက်တော့ရှိမယ်ခန့်မှန်းထားပါတယ်" ဟု ၎င်းကပြောသည်။

သပိတ်ကျင်းအနီးဝန်ကျင်ရှိ တောများထဲတွင် တောရိုင်းဆင်အကောင် ၂၀ ၀န်ကျင်ခန့်ရှိနိုင်ပြီး
အတိအကျစာရင်းပြုစုပြီး ထိန်းသိမ်းစောင့်ရှောက်ရန်အတွက် ၀န်ထမ်းအင်အားနှင့် နည်းပညာပိုင်း
လိုအပ်ချက်များရှိနေသေးကြောင်း ဦးစိုင်းညီညီကပြောသည်။

တောရိုင်းဆင်များကို သတ်ဖြတ်သူများကို ဖမ်းဆီးရမိရန်နှင့် အဆိပ်မြားထိမှန်ထားသည့် ဆင်ကို
ဆေးဝါးကုသရန် သစ်တောဦးစီးဌာန၊ ရဲတပ်ဖွဲ့၊ သက်ဆိုင်ရာ အထွေထွေအုပ်ချူပ်ရေးမှူးများ
ပူးပေါင်းဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

ဆင်များကို သတ်ဖြတ်သူများကို ဖမ်းဆီးရမိခြင်း မရှိသေးဘဲ ၎င်းင်းတို့ကို တောရိုင်းတိရစ္ဆာန်နှင့်
သဘာဝနယ်မြေများ ထိန်းသိမ်းရေး ဥပဒေပုဒ်မ ၃၇(က) အရ အမှုဖွင့်ထားကြောင်း
မြို့နယ်သစ်တောဦးစီးဌာနမှ သိရသည်။



မြန်မာတစ်နိုင်ငံလုံးဆိုင်ရာ COVID-19 အချက်အလက်

ဖတ်ရှုမှုအများဆုံး