နိုဝင်ဘာ ၂၉ ရက်နေ့ မုံရွာရှိ လက်ပံတောင်းတောင် သပိတ်စခန်း ဖြိုခွင်းမှုကြောင့် ဒဏ်ရာရရှိ
ခဲ့သည့် သံဃာတော်များအနက် သံဃာငါးပါး ထိုင်းနိုင်ငံသို့ သွားရောက်ဆေးကုရန် အစီအစဉ်
ရှိကြောင်း အဆိုပါဒဏ်ရာရ သံဃာတော် စောင့်ရှောက်ရေးအဖွဲ့မှ သတင်းထုတ်ပြန်ခဲ့သည်။
ကနဦးတွင် သက်တော် ၆၄ နှစ်ရှိ ဦးတိက္ခဉာဏ သွားရောက်ဆေးကုရန် ရှိသော်လည်း
ကျန်သောလေးပါးပါ ဆက်လက် သွားရောက်ကုသမည်ဖြစ်ကြောင်း ထုတ်ပြန်ခဲ့ခြင်း
ဖြစ်သည်။
သွားရောက်ကုသမည့် ဆရာတော် များမှာ ဦးတိက္ခဉာဏ၊ ဦးဝိသုဒ္ဓ၊ ရှင်စန္ဒောဘာသ၊
ဦးသုစိတ္တ၊ ရှင်သေဇ္ဇန တို့ ဖြစ်ကြသည်။
"ဟိုရက်က ဦးဇင်း ကျန်းမာရေး ၀န်ကြီးနဲ့ တွေ့ဖြစ်တယ်။ သူတို့ အစစ အရာရာ ကူညီမယ်လို့
ပြောပါတယ်။ လောလောဆယ်တော့ ဘယ်ရက်ဖြစ် မယ်မှန်း မသိသေးဘူး။ သံဃာ
မှတ်ပုံတင်တွေပါ မီးလောင်တဲ့အထဲ ပါသွားတော့ အဲဒါတွေကို အရင်လုပ်ရမယ်။ နောက်
ပတ်စပို့ပေါ့" ဟု ဒဏ်ရာရ သံဃာတော်များကို စောင့်ရှောက်ရေး အဖွဲ့၏ ဦးစီးဆရာတော်
တစ်ပါး ဖြစ်သည့် ဦးသု (ခေါ်) ဦးဝိမလက မိန့်သည်။















