မန္တလေးတိုင်းဒေသကြီးတွင် ယခုနှစ် မိုးရာသီအတွက် စိုက်ပျိုးစရိတ်ချေးငွေကို ကျပ်သိန်းပေါင်း
၆၄၅၀၀၀ ကျော်ဖြင့် ကနဦးထုတ်ချေးပေးသွားမည်ဖြစ်ကာ အခြားသီးနှံစိုက်ပျိုးစရိတ်ချေးငွေ
များကိုလည်းတိုးမြှင့်ချေးပေးသွားမည်ဖြစ်ကြောင်း တိုင်းဒေသကြီး စိုက်ပျိုးရေး၊
မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန မြန်မာ့လယ်ယာ ဖွံ့ဖြိုးရေးဘဏ်မှ သိရသည်။
မြန်မာ့လယ်ယာ ဖွံ့ဖြိုးတိုးတက်ရေးဘဏ်သည် မြန်မာ့စီးပွားရေး ဘဏ်မှ ချေးငွေရယူပြီး
တောင်သူများကို စပါးတစ်ဧကလျှင် ကျပ်တစ်သိန်းခွဲနှင့် အခြားသီးနှံအတွက် တစ်ဧကလျှင်
ကျပ်နှစ်သောင်းထုတ်ချေးပေးလျက်ရှိရာ ယခုနှစ်တွင်အခြားသီးနှံအတွက် ကျပ်နှစ်သောင်းကို
ကျပ်ငါးသောင်းအထိ တိုးမြင့်ချေးထားပေးမည်ဖြစ် ကာ မေလ တတိယအပတ်မှ
စတင်ပြီးချေးပေးသွားမည်ဖြစ်ကြောင်း တိုင်းဒေသကြီး မြန်မာလယ်ယာဖွံ့ဖြိုးရေးဘဏ်
မန်နေဂျာ ဦးဝင်းမြင့်က ယခုလ ၁၇ ရက်နေ့တွင်ပြောသည်။
"မေလ ၂၃ ရက်နေ့ကို တစ်နိုင်ငံလုံး အတိုင်းအတာနဲ့ မိုးရာသီ စိုက်ပျိုးစရိတ်ချေးငွေ
ထုတ်ပေးဖို့ သတ်မှတ်ပေးထားတယ်ပေါ့။ မန္တလေးတိုင်းအတွက်ဆို ယခင်တောင်းခံထားတဲ့
ချေးငွေပေါ်ကနေ တဝက်တိတိကို ခွင့်ပြုထားတယ်။ ကျပ်သိန်းပေါင်း ၆၄၅၅၀၀ ကျပ်ကနဦး
ခွင့်ပြုပေးထားတယ်။ ထုတ်ချေးမယ်နှုန်းထားကို စပါးတစ်ဧက တစ်သိန်းခွဲ အခြားသီးနှံကို
နှစ်သောင်းအစား ငါးသောင်းတိုးမြင့်ပေးမယ်။ ချေးငွေ ကာလကို ပြည်ထောင်စုအဆင့်ဆင့်
၀န်ကြီးဌာနတွေက ရာသီအလိုက်ချမှတ်ပေးထားတာ ရှိတယ်။ မိုးချေးငွေကို မေလ ကစတင်ပြီး
စက်တင်ဘာလကုန်အထိ သတ်မှတ်ပေးတယ်" ဟုဦးဝင်းမြင့်က ပြောသည်။
တိုင်းဒေသကြီး ဘဏ်အနေဖြင့် ချေးငွေလျှောက်လွာ ပုံစံအားလုံးကိုမြို့နယ် ဘဏ်ခွဲများသို့
ခွဲဝေပေးပြီးဖြစ်ကာ မြို့နယ်ဘဏ်ခွဲများမှ တဆင့် သက်ဆိုင်ရာတောင်သူများ သို့
ပေးဝေပြီးဖြစ်ကြောင်း၊ မြို့နယ်ဘဏ်ခွဲများကို ပြန်လည်ပေးပို့လာသည့် ချေးငွေ
လျှောက်လွှာများကို စိုက်ဧကများနှင့်ထောက်ခံချက်များမှန်ကန်မှုရှိမရှိ စစ်ဆေးနေပြီဖြစ်ကြောင်း
သိရသည်။
မန္တလေးတိုင်းဒေသကြီးတွင် မိုးရာသီစိုက်ပျိုးစရိတ်ချေးပေးရန်အတွက် ကျေးရွာအုပ်စုပေါင်း
၁၂၅၃ အုပ်စု၊ စပါးစိုက်ဧကပေါင်း ၅၄၄,၇၇၀ ဧက၊ အခြားသီးနှံစိုက်ဧကပေါင်း ၉၄၉,၅၂၅
ဧကကို ချေးပေးနိုင်ရန် လျာထားကြောင်း သိရသည်။
သို့သော်တိုင်းဒေသကြီးအတွင်း ယခင်နှစ်မိုးရာသီချေးငွေအဖြစ် ကျပ်သန်းပေါင်း ၉၃,၈၈၀
ကျပ် ထုတ်ချေးပေးခဲ့ကာ မေလ ၁၆ ရက်နေ့အထိ ကောက်ခံရရှိငွေသည့် ကျပ်သန်းပေါင်း
ရ၆,၉၉၇ ကျပ်ရရှိထားပြီး ကျန်ရှိငွေမှာ ကျပ်သန်းပေါင်း ၁၆,၈၈၂ ကျပ် ကျန်ရှိနေသေးကြောင်း
သိရသည်။
















