မကျန်ခမှော်တွင် ရေမဆေးကျောက်ရှာသူများ မငြိမ်မသက်မှု၌ လေးဦးသေ ၁၁ ဦး ဒဏ်ရာရ

မကျန်ခမှော်တွင် ရေမဆေးကျောက်ရှာသူများ မငြိမ်မသက်မှု၌ လေးဦးသေ ၁၁ ဦး ဒဏ်ရာရ

စစ်ကိုင်းတိုင်းဒေသကြီး ခန္တီးမြို့အထက်ပိုင်းဒေသရှိ ခန္တီးရတနာနယ်မြေဖြစ်သော နန်စီဘွန်
ကျောက်မျက်ဒေသရှိ မကျန်ခမှော်တွင် ဦးပိုင်ကုမ္ပဏီပိုင် ကျောက်မျက်လုပ်ကွက်အတွင်းသို့
ရေမဆေးကျောက်ရှာဖွေသူများက ၀င်ရောက်ရှာဖွေရာမှ ပစ်ခတ်မှုများဖြစ်ပွားကာ ရေမဆေးကျောက်
ရှာဖွေသူ ၄ ဦးခန့် သေဆုံးကာ ၁၁ ဦးခန့် ဒဏ်ရာ ရရှိခဲ့ကြောင်း ရေမဆေးကျောက်ရှာဖွေသူများ
ခေါင်းဆောင်တစ်ဦးဖြစ်သူ ဦးချိုတူးက မြန်မာတိုင်း(မ်)ကို မေလ ၁၇ ရက်နေ့ကပြောသည်။

"အခုကတော့ ဥပဒေမဲ့စွာ လုပ်တာ။ မနေ့ကတိုင် ရေမဆေးတွေက ၀င်စီးတာ။ ဒီနေ့ကျမှ ကုမ္ပဏီက
ဆီကန်ကို မီးနဲ့ ၀င်ရှို့တာ၊ မနက် ၉ နာရီလောက်က ဆီကန်ကို မီးရှို့တာ အခုချိန်ထိ မီးက ငြိမ်းလို့
မရသေးဘူး။ သူတို့အနေနဲ့ ဒီအတိုင်း ရှာလို့ ရပါလျက်နဲ့ မြှောက်ထိုးပင့်ကော်သမားတွေကြောင့်
ကုမ္ပဏီဝင်းထဲကို ၀င်ရှာတော့ အခုလို ဖြစ်သွားတာ" ဟု ၎င်းက ပြောသည်။

ကုမ္ပဏီများနှင့် ရေမဆေးကျောက် ရှာဖွေသူများအကြား ပြဿနာတိုင်းတွင် ၀င်ရောက်ဖြန်ဖြေကာ
ညှိနှိုင်းလုပ်ဆောင်ခဲ့သော်လည်း ယခုကဲ့သို့ ဆူပူမှုဖြစ်စေရန် လူတစ်စုက ပြဿနာပေါ်ပေါက်ပေါက်စေရန်
မြှောက်ထိုးပင့်ကော်မှုများ ပြုလုပ်နေသဖြင့် ဦးဆောင်ညှိနှိုင်းဆောင်ရွက်တော့မည် မဟုတ်ကြောင်း
၎င်းက ပြောသည်။

"အဓိကတော့ မြှောက်ထိုးပင့်ကော်လုပ်နေတာတွေက ပိုဆိုးစေတယ်။ ရဲလုံထိန်းအဖွဲ့လည်း မနိုင်ဘူး။
စစ်တပ်တောင် အတော်ရှင်းယူနေရတယ်။ အစက မီးရှို့တာတောင် ဘာမှ မလုပ်သေးဘူးလို့
ပြောတယ်။ နောက်ပိုင်း ကျောက်ဂိုဒေါင်ကို ၀င်စီးမယ်လို့ သိတော့ ချောက်ပစ် ပစ်တယ်လို့
ယူဆတယ်။ တကယ်ပစ်ရင် ဒီလူရာချီတဲ့ လူအုပ်ကြီးနဲ့ ဆယ်ဂဏန်းလောက်ထိ သေနိုင်တယ်"ဟု
ဦးချိုတူးက ဆိုသည်။

အဆိုပါ ပစ်ခတ်မှုကြောင့် လူ ရ၀၀ ၀န်းကျင်ခန့် လူအုပ်များအကြား ရေမဆေးကျောက်ရှာဖွေသူ
ရှမ်းတိုင်းရင်းသား တစ်ဦးနှင့် နာဂတိုင်းရင်းသား တစ်ဦးအပါအဝင် လူလေးဦးခန့် သေဆုံးခဲ့ကြောင်း၊
ကျန်ရှိသည့် ထိခိုက်ဒဏ်ရာရရှိသူများကို ခန္တီးမြို့နယ်ဆေးရုံသို့ ပို့ဆောင်ကုသနေကြာင်း
ခန္တီးမြို့ခံတစ်ဦးဖြစ်သူ ကိုအောင်ဆန်းမြင့်က ပြောသည်။

ပြီးခဲ့သည့် မေလ ၁၂ ရက်နေ့က စစ်ကိုင်းတိုင်းဝန်ကြီးချုပ် ဒေါက်တာမြင့်နိုင် ဦးဆောင်သည့်
အစိုးရအဖွဲ့သည် နန်စီဘွန်ကျောက်မျက်ဒေသသို့ သွားရောက်ကာ ကွင်းဆင်းစစ်ဆေးခဲ့ပြီး၊
ရေမဆေးကျောက်ရှာသမားများနှင့် ကုမ္ပဏီများအကြား ဖြစ်ပွားလျက်ရှိသော ပြဿနာများကို
မည်သူ့မျက်နှာမျှမထောက်ဘဲ လုပ်သင့်လုပ်ထိုက်များကို ဆောင်ရွက်သွားမည်ဖြစ်ကြောင်း
ဒေသခံ ရေမဆေးကျောက်ရှာဖွေသူများနှင့် တွေ့ဆုံစဉ် ပြောကြားခဲ့သည်။

"၀န်ကြီးချုပ်က နန်စီဘွန်မှော်ကို တစ်ခုမကျန် အကုန်ပတ်ကြည့်တယ်။ တဲတွေ စည်းကမ်းမဲ့တာတွေ
မင်းမဲ့စရိုက်ဖြစ်တာတွေ တွေ့သွားပါတယ်။ ၀န်ကြီးချုပ်ကတော့ မင်းမဲ့စရိုက်လုပ်နေတယ်လို့
မှတ်ချက်ပြုသွားတယ် ခင်ဗျ။ နောက်ကနေ မြှောက်ထိုးပင့်ကော် လုပ်နေတဲ့သူတွေကို ပြင်းထန်းစွာ
အရေးယူဖို့ ပြောသွားတယ်" ဟု ဦးချိုတူးက ပြောသည်။

မှော်လုပ်သားများ၏ အကျိုးတော်ဆောင်အဖွဲ့အား ကုမ္ပဏီမှ တစ်ဦးကို ကျပ်သိန်း တစ်ရာစီ
ပေးထားကြောင်း ကောလဟလသတင်းများလွှင့်ကာ ရေမဆေးများ အထင်မြင်လွှဲမှားစေရန်
ပြုလုပ်လျက်ရှိကြောင်း၊ ထိုဆူပူအကြမ်းဖက်မှုများနှင့် ပတ်သက်ပြီး နိုင်ငံတော်၏ ဘဏ္ဍာငွေကို
ထိခိုက်စေနိုင်သဖြင့် ကုမ္ပဏီများကို စစ်ဆေးဆောင်ရွက်ခြင်း၊ ကုမ္ပဏီလုပ်ကွက်အတွင်း တရားမဝင်
ကျူးကျော်ဝင်ရောက်နေသော ရေမဆေးကျောက် ရှာဖွေသူများကို ဖယ်ရှားစေကာ နေရာတစ်ခု
သတ်မှတ်ပေးရန် စီစဉ်ဆောင်ရွက်မည်ဖြစ်ကြောင်း၊ အလားတူ စည်းကမ်းမဲ့ ၀င်ရောက်ရှာဖွေမှု
မဖြစ်စေရန် စွန့်ပစ်မြေစာပုံများကိုလည်း သီးခြားသတ်မှတ်ပေးရန် တိုင်းဒေသကြီးအစိုးရအဖွဲ့က
ဆောင်ရွက်သွားမည် ဖြစ်ကြောင်း ပြောကြားခဲ့သည်ဟု ၎င်းက ဆိုသည်။

အဆိုပါ အကြောင်းကိစ္စနှင့် ပတ်သက်ပြီး ခန္တီးမြို့နယ်ရဲစခန်းနှင့် ကျောက်မျက်ဦးစီးဌာနတို့ထံ
ဆက်သွယ်မေးမြန်းခဲ့ရာ ဖုန်းကိုင်ဖြေကြားနိုင်ခဲ့ခြင်း မရှိခဲ့ပေ။

ခန္တီးရတနာနယ်မြေအတွင်း နန်စီဘွန်ရပ်ကွက်နှင့် မကျန်ခမှော်တို့တွင် တရားမဝင်နေထိုင်သူများအား
မေလ ၃၀ ရက်နေ့ နောက်ဆုံးထားကာ ပြောင်းရွှေ့ထွက်ခွာရန် ရာဇသတ်ကြီး ကျင့်ထုံးဥပဒေ
ပုဒ်မ ၁၄၃ အရ ခန္တီးမြို့နယ်အုပ်ချုပ်ရေးအဖွဲ့မှ မေလ ၁၅ ရက်နေ့တွင် အမိန့်ထုတ်ပြန်ထားသည်။



မြန်မာတစ်နိုင်ငံလုံးဆိုင်ရာ COVID-19 အချက်အလက်

ဖတ်ရှုမှုအများဆုံး