မြန်မာအသည်းဖောင်ဒေးရှင်း ဖွဲ့စည်းမည်

မြန်မာအသည်းဖောင်ဒေးရှင်း ဖွဲ့စည်းမည်

မြန်မာနိုင်ငံတွင် အသည်းရောဂါဖြစ်ပွားမှုနှင့်နောက်ဆက်တွဲ ဆိုးကျိုးအန္တရာယ်များ
လျော့နည်းသွားစေရန်၊ အသည်းကျန်းမာရေး အသိပညာပေး အစီအစဉ်များ၊ ကာကွယ်ရေး
နှင့်ကုသရေးလုပ်ငန်းစဉ်များ၊ အသည်းရောဂါဆေးပညာနှင့် သုတေသနလုပ်ငန်းများ 
ပိုမိုကျယ်ပြန့် တိုးတက်ကောင်းမွန်လာစေရန်အတွက် မြန်မာအသည်းဖောင်ဒေးရှင်းကို 
မေ ၃၁ ရက်တွင် မန္တလေးမြို့၌ ဖွဲ့စည်းသွားမည်ဖြစ်သည်။

''၂ဝ၁၄ နောက်ပိုင်းမှာ စီပိုးကုရင် နှစ်ချီမကုရတော့ဘဲနဲ့ လပိုင်းနဲ့ကုလာနိုင်တယ်။ အဲဒါ
ကြောင့် ပြည်သူလူထုကို စီပိုးကုဖို့ တိုက်တွန်းချင်တယ်။ ငွေကြေးမရှိရင်လည်း ကိုယ်ထူ
ကိုယ်ထစုဆောင်းတာကလည်းတစ်ပိုင်း၊ အသင်းအဖွဲ့တွေကလည်း ပံ့ပိုးကူညီတာ
ကလည်းတစ်ပိုင်း ဒါမျိုးနဲ့သွားချင်တာ။ လုပ်ငန်းတွေ ရေရှည်အောင်မြင်ဖို့ဆိုရင် တစ်ဖက်
တစ်လမ်းက ကူညီပံ့ပိုးဖို့လိုတယ်။ အဲဒါကြောင့် အသည်းဖောင်ဒေးရှင်းလုပ်ဖို့ စဉ်းစား
မိတယ်''ဟု မန္တလေးအထွေထွေရောဂါကုဆေးရုံကြီး အသည်းရောဂါပညာဌာန ပါမောက္ခ
ဒေါက်တာညိုမီခိုင်သန်းလှိုင်က ပြောသည်။

မြန်မာအသည်းဖောင်ဒေးရှင်းသည်ပြည်သူလူထုအား အသည်းရောင်၊ အသည်းခြောက်၊
အသည်းကင်ဆာရောဂါအကြောင်း ပညာပေးခြင်း၊ အသည်းရောင်ဘီနှင့် စီရောဂါလူနာ
များကို ရှာဖွေစစ်ဆေးကုသကာကွယ်ခြင်း၊ စီရောဂါလူနာများကို ကုသမှုခံယူနိုင်ရန်
ကူညီခြင်း၊ အသည်းကျွမ်းနေသော လူနာများကို အသည်းအစားထိုး ကုသခြင်း၊ အသည်း
ရောဂါအထူးပြု ကျွမ်းကျင်ကျန်းမာရေးဝန်ထမ်းများ လုံလောက်စွာပေါ်ထွက်လာအောင်
ပံ့ပိုးခြင်း၊ အသည်းရောဂါ ဆေးသုတေသနလုပ်ငန်းများအားပေးခြင်းတို့ကို ဆောင်ရွက်
သွားမည်ဖြစ်ကြောင်း ၄င်းက ပြောသည်။

''ပင်မဗဟိုက မန္တလေးဖြစ်ပေမဲ့ တစ်ပြည်လုံးအတိုင်းအတာကို နှစ်ပေါင်းများစွာအတွင်းမှာ
ချဲ့ထွင်သွားမယ်။ ဧရိယာကျဉ်းပြီးတော့ ဒေသစွဲလေးနဲ့မလုပ်ဘဲ တစ်ပြည်လုံးအတိုင်း
အတာကို ကိုယ်တတ်နိုင်သလောက်လုပ်မယ်။ နိုင်ငံခြားအဖွဲ့တွေရှိလည်း ပူးပေါင်းပါဝင်
မယ်''ဟု ၄င်းက ပြောသည်။

မြန်မာနိုင်ငံတွင် အသည်းအထူးကုဆရာဝန်အရေအတွက်မှာ ၁၂ ဦးခန့်သာ ရှိသဖြင့်
အသည်းရောဂါဘာသာရပ်ကို ဆရာဝန်များ စိတ်ဝင်စားလာအောင် တွန်းအားပေးချင်
ကြောင်းနှင့် အခွင့်အလမ်းများ ပေးအပ်လိုကြောင်း ၄င်းက ပြောသည်။

''ဒီရောဂါဖြစ်တာများပေမဲ့ ဘာမှ ထိထိရောက်ရောက် မကုသနိုင်ဘူးဆိုပြီး ဆရာဝန်တွေ
ဝင်မလာရင် ကျွန်မတို့ ဒီဝန်ထုပ်ဝန်ပိုးကို မထမ်းနိုင်ဘူး။ ဆရာဝန်တွေကို ဒီထက်ပို
တွန်းအားပေးချင်တယ်။ နိုင်ငံတကာလွှတ်လို့ရတာတွေ လွှတ်ပေးချင်တယ်။ အစိုးရက
မလုပ်နိုင်တာတွေကို ကျွန်မတို့ လုပ်ပေးဖို့စိတ်ကူးတယ်''ဟု ၄င်းက ပြောသည်။

ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန၏ ၂ဝ၁၅ ခုနှစ်စာရင်းများအရ မြန်မာနိုင်ငံတွင်
လူ ၁ ဒသမ ၃ သန်းသည် အသည်းရောင်စီပိုး ကူးစက်ခံထားရသည်ဟု ၄င်းက ပြောသည်။



မြန်မာတစ်နိုင်ငံလုံးဆိုင်ရာ COVID-19 အချက်အလက်

ဖတ်ရှုမှုအများဆုံး