စည်းကမ်းမဲ့အမှိုက်စွန့်ပစ်မှုများကြောင့် ရေကြီးရေလျှံမှုများရှိနေမည်

စည်းကမ်းမဲ့အမှိုက်စွန့်ပစ်မှုများကြောင့် ရေကြီးရေလျှံမှုများရှိနေမည်

စည်းကမ်းမဲ့အမှိုက်စွန့်ပစ်မှုများ၊ ကျူးကျော်နေထိုင်မှုများကြောင့် ရေကြီးရေလျှံမှုများ 
ဆက်လက် ဖြစ်ပေါ်နေမည်ဖြစ်ကြောင်း မန္တလေးမြို့တော် စည်ပင်သာယာရေးကော်မတီ၊
သန့်ရှင်းရေးဌာန တာဝန်ရှိသူတစ်ဦးကပြောသည်။

မန္တလေးမြို့တွင်း၌ မိုးရာသီတွင် ရေကြီးရေလျှံမှုများ မဖြစ်ပေါ်စေရန် စည်ပင်သာယာရေး
ကော်မတီ သန့်ရှင်းရေးဌာနနှင့် မော်တော်ယာဉ်ဌာနတို့ပူးပေါင်းကာ မိုးရာသီမတိုင်မီ
စီမံချက်ရေးဆွဲကာ လုပ်ဆောင်နေသော်လည်း မြို့တွင်း အဓိကမြောင်းကြီးများတစ်လျှောက်
စည်းကမ်းမဲ့ အမှိုက်စွန့်ပစ်ခြင်း၊ စည်းကမ်းမဲ့ ကျူးကျော်ဆိုင်ခန်းများ တည်ဆောက်ကာ
ရောင်းဝယ်မှုများ ဆက်လက်ရှိနေပါက မြောင်းဆယ်ယူခြင်းများလုပ်ဆောင်နေသော်လည်း
မိုးများချိန်တိုင်း ရေကြီးရေလျှံမှုများ ဆက်လက် ဖြစ်ပေါ်နေမည်ဖြစ်ကြောင်း မန္တလေး
မြို့တော်စည်ပင်သာယာရေးကော်မတီ သန့်ရှင်းရေးဌာနဌာနခွဲမှူး ဦးစိုးတင့်အောင်က
ပြောသည်။

''မိုးရာသီရောက်တော့မယ်ဆိုတော့ စီမံချက်တစ်ခုရေးဆွဲပြီး မန္တလေးမြို့ရဲ့ အဓိကကျတဲ့
မြောင်းမကြီးတွေကို ဆယ်တယ်။ နေ့စဉ်နေ့တိုင်း လစဉ်လတိုင်းလည်း အဆက်မပြတ်
ဆယ်နေတာပါပဲ။ အဓိက မြောင်းမကြီးတွေမှာလည်း ဆယ်လို့ရတဲ့နေရာပဲဆယ်လို့ရတယ်။
မြောင်းမကြီးတွေတစ်လျှောက် ဆယ်လို့မရဘူး။ မြောင်းတွေပေါ်မှာ ပိတ်ပြီး ဆိုင်ခန်းတွေ
ဆောက်တယ်၊ မြောင်းတစ်လျှောက် ဘေးဝဲယာဆိုင်ခန်းတွေ ဆောက်တယ်။ ဆိုင်ခန်းတွေ
ကနေ စည်းကမ်းမဲ့အမှိုက်တွေစွန့်တယ်။ အဲဒီလိုနေရာတွေမှာ စက်ယန္တရားအင်အားနဲ့
သွားဆယ်ဖို့အတွက် အဝင်အထွက် မရတော့ လူအင်အားနဲ့ ခက်ခက်ခဲခဲဆယ်ရတာလည်း
ခရီးမရောက်ဘူး။ နောက်တစ်ခုက ရပ်ကွက်တွေထဲမှာ မြောင်းလုပ်တဲ့အခါ ကိုယ့်သဘောနဲ့
ကိုယ်လုပ်တယ်။ စည်းကမ်းတကျ မဖြစ်ဘူး။တံတားတွေ လုပ်တဲ့အခါမှာလည်း မြောင်း
အကျယ်က ၁ဝ ပေရှိရင် ရေစီးပေါက်ကို သုံးပေလောက်ပဲ လုပ်ကြတာတွေ။ ဒါတွေ
ဆက်တိုက်ရှိနေ ဖြစ်နေမယ်ဆိုရင်တော့ စက်အင်အား၊လူအင်အားနဲ့ ဘယ်လိုပဲ အင်တိုက်
အားတိုက်လုပ်နေ၊ လုပ်နေ မိုးများတဲ့အခါမှာဆိုရင်တော့ ရေကြီးရေလျှံမှုကတော့ ဆက်ပြီး
ဖြစ်နေမှာပါပဲ''ဟု ဦးစိုးတင့်အောင်က ပြောသည်။

မန္တလေးမြို့တွင်း အဓိကစီးဆင်းနေသော မြောင်းမကြီးများဖြစ်သည့် ရွှေတချောင်း၊
ငွေတချောင်း၊ သင်္ဂဇာချောင်းနှင့် နဒီမြောင်းအပြင် မြို့ပြင်ရှိ ပန်းရံတော်ချောင်း၊ မင်္ဂလာ
နဒီမြောင်း၊ တမျော့ချောင်းတို့တွင် မိုးရာသီ၌ ရေကြီးရေလျှံခြင်းများ မဖြစ်ပေါ်စေရန်
စီမံချက်ဖြင့် စည်ပင်သာယာရေးကော်မတ၊ီ မော်တော်ယာဉ်ဌာနရှိ မြောင်းဆယ်ကားကြီး၊
ကားလတ်၊ ကားငယ် ၄၅ စီး၊ မြောင်းဆယ်လုပ်သား ၃၇ဝ ကျော်တို့ဖြင့် မြောင်းဆယ်ယူခြင်း
များကို လုပ်ဆောင်နေကြောင်း ၄င်းက ဆိုသည်။

''ရေမြောင်းဆယ်တဲ့ လုပ်သားတွေဆိုရင် နားရက်မရှိအောင်ကို လုပ်နေကြရတယ်။
မြောင်းတွေဆယ်တဲ့အခါ ပုလင်းကွဲတွေ၊ စားပြီးသားတူတွေ၊ အစားအသောက်အညစ်
အကြေးတွေကို မြောင်းထဲမှာပဲ စွန့်ပစ်ကြတော့ မြောင်းတွေရဲ့ ရေစီးအား မရှိတော့ပဲ
မြောင်းတွေ ပိတ်ကုန်တယ်။ မြောင်းပိတ်တာနဲ့အမျှ လမ်းပေါ်ကို ရေလျှံတယ်။ လမ်းပေါ်
ရေလျှံတာကြာရင် လမ်းပျက်စီးတာတွေ ဖြစ်လာမယ်။ ရပ်ကွက်တွေထဲမှာဆို ရပ်ကွက်
အုပ်ချုပ်ရေးမှူးတွေက အဓိကကျတယ်။ လမ်းဘေး၊ မြောင်းဘေး ကျူးကျော်ဆိုင်ခန်း
ဆောက်တာတွေကို တားမြစ်ရမယ်။ အခုဖြစ်နေတာက အမုန်းမခံချင်တော့ မပြောကြဘူး။
မပြောကြတော့ ဆိုင်တွေက တဖြည်းဖြည်းနဲ့ များလာတော့ အမှိုက်စွန့်တာတွေ များလာပြီး
ရေမြောင်းတွေ ပိတ်ကုန်တော့တာပေ့ါ။ ကျူးကျော်တာတွေကို ပြတ်ပြတ်သားသား အရေး
ယူရမယ်''ဟု ဦးစိုးတင့်အောင်က ပြောသည်။

ယခုလ ၁၄ ရက် ညဦးပိုင်းမှ စတင်ရွာသွန်းခဲ့သည့်မိုးကြောင့် မန္တလေးမြို့တွင်းပိုင်းနှင့်
မြို့ပြင်ဝန်းကျင်တို့တွင် ရေကြီးရေလျှံမှုများဖြစ်ပေါ်ခဲ့သည်။



မြန်မာတစ်နိုင်ငံလုံးဆိုင်ရာ COVID-19 အချက်အလက်

ဖတ်ရှုမှုအများဆုံး