မန္တလေးမြို့၊ ပြည်ကြီးတံခွန်မြို့နယ်ရှိ ရတနာပုံ(စ) စျေးဆိုင်ခန်းခများကို တိုးမြှင့်ကောက်
ခံရန် စည်ပင်သာယာမှ အတည်ပြုထားရာတိုးမြှင့်လိုက်သောနှုန်းထားမှာ အခြားစျေးဆိုင်
ခန်းခများနှင့်နှိုင်းယှဉ်ပါက များပြားနေပြီး စျေးမှာလည်း စည်ကားမှုမရှိသေးသဖြင့်
ဆိုင်ခန်းရှင်များအနေဖြင့် အခန်းခပေးဆောင်ရန် အခက်အခဲရှိနေကြောင်း ဆိုင်ခန်းရှင်
တချို့က ပြောသည်။
အဆိုပါစျေးမှာ ၅၈ လမ်းနှင့် ၅၉ လမ်းကြား၊ အောင်ဇေယျလမ်းနှင့် ဘုရင့်နောင်လမ်းကြား
နေရာကောင်းတွင် တည်ရှိသော်လည်း စျေးတည်ခင်းရောင်းချမှုမှာ စျေးဧရိယာ၏ ၂၅
ရာခိုင်နှုန်းထက်မများကြောင်း၊ ဆိုင်ခန်းလွတ်များစွာရှိနေပြီး စည်ပင်သာယာနှင့် ကုမ္ပဏီ
အပ်နှံခြင်း၊ လက်ခံခြင်းမရှိသော ဆိုင်ခန်းများရှိနေပြီး ဆိုင်ခန်းများ နေရာချပြီးချိန်ရောက်မှ
ဆိုင်ခွန်များ တိုးမြှင့်ကောက်ခံသင့်ကြောင်း ဆိုင်ခန်းရှင်တစ်ဦးဖြစ်သူဦးလှရွှေက ပြောသည်။
''ဆိုင်ခန်းလွတ်တွေက ခြစားပြီး တိုင်တွေလဲ အခြေတွေတိုနေပါပြီ။ အခင်းတွေကို ခွေးတွေ
ယက်၊ အမိုးတွေကလည်း အပေါက်တွေဖြစ်နေပါတယ်။ ဒီရတနာပုံ (စ) စျေး လူနေဆိုင်ခန်း
အကျယ် ၁၅ ပေ x ၃၆ ပေကို လက်ရှိ တစ်လကိုကျပ် ၄,ဝဝဝ ကနေ ကျပ် ၃ဝ,ဝဝဝ ကို
ပြောင်းကောက်တော့မှာကြောင့် ကျွန်တော်တို့လိုဝင်ငွေနည်းပြည်သူတွေ အခက်အခဲကြံု
နေရပါတယ်။ ဒီစျေးဆိုင်ခန်းတွေကို စည်ပင်ပိုင်မြေပေါ်မှာ ကန်ထရိုက်တွေက ဆောက်ပြီး
ကာလပေါက်စျေးနဲ့ ဝယ်နေထိုင်ကြတာပါ။ လစဉ် ဒီနှုန်းနဲ့ပေးရရင် ရေရှည်မတတ်နိုင်တာ
ကြောင့် ရောင်းချပြီး တခြားပြောင်းနေဖို့တောင် စဉ်းစားသင့်ရင် စဉ်းစားရတော့မယ်။
စျေးကလည်း အပြည့်အဝ မစည်ကားသေးချိန်မှာ လူနေဆိုင်ခန်းအများစုက နေထိုင်ဖို့
အပြင်လုပ်ကိုင်စားလို့ မရသေးပါဘူး။ တခြားစည်ကားနေပြီဖြစ်တဲ့ စက်မှု(၁) စျေးဆိုင်ခန်း
ခနဲ့ယှဉ်ကြည့်ရင် ပိုများနေပါတယ်'' ဟု ဦးလှရွှေက ယခုလ ၁၆ ရက်တွင် ပြောသည်။
စည်ပင်သာယာစျေးဌာနခွဲမှ ဌာနခွဲမှူးက မန္တလေးမြို့တော် စည်ပင်သာယာရေးကော်မတီ
ပိုင်စျေးများ၏ အတည်ဆိုင်ခန်းခ၊ လူနေဆိုင်ခန်းခနှင့် နေရာလွတ်များ ငှားရမ်းခနှုန်းထားများ
တိုးမြှင့်ကောက်ခံရေးနှင့်ပတ်သက်၍ မန္တလေးတိုင်းဒေသကြီး အစိုးရအဖွဲ့အစည်းအဝေး
အမှတ်စဉ် (၂/၂ဝ၁၇) အရ အတည်ပြုပြီးဖြစ်သဖြင့် ကော်မတီပိုင် စျေးများအလိုက်
နောက်ဆက်တွဲပါ တိုးမြှင့်သတ်မှတ်သည့်နှုန်းထားများအတိုင်း အတည်ဆိုင်ခွန်များကို
ဧပြီလမှစ၍ ပြင်ဆင်ကောက်ခံသွားရန်၊ ၂ဝ၁၇-၁၈ ဘဏ္ဍာနှစ် မှတ်ပုံတင်ကြေးလိုငွေများကို
ဧပြီလတွင် အတည်ဆိုင်ခွန်များနှင့်အတူ တစ်ပါတည်း ကောက်ခံသွားရန် မတ် ၉ ရက်
ရက်စွဲဖြင့် သက်ဆိုင်ရာ စျေးကောက်များနှင့် စျေးအကျိုးတော်ဆောင်များထံသို့ အသိပေး
အကြောင်းကြားထားသည်။
အဆိုပါအတည်ပြုချက်အရ ပြည်ကြီးတံခွန်မြို့နယ်အတွင်း ရတနာပုံ(စ) စျေးဆိုင်ခန်း ၁၂၆
ခန်းအပါအဝင် စက်မှု(၁) စျေး၊ စက်မှု (၁)အတည်ဆိုင်ခန်း၊ တံခွန်တိုင်စျေး၊ ချမ်းမြရွှေပြည်
ပွဲရုံငယ်ရှိ ဆိုင်ခန်းများ၊ ချမ်းမြရွှေပြည်အလယ်ရုံရှိ ဆိုင်ခန်းများနှင့် ပြည်ရန်ကျော်လူနေဆိုင်
ခန်းခများကို နှုန်းထားများ ပြောင်းလဲတိုးမြှင့်ကောက်ခံသွားမည်ဖြစ်သည်။ ၄င်းတွင် ၁၅ ပေ
x ပေ ၂ဝ အကျယ်ရှိ စက်မှု(၁) ဆိုင်ခန်းများကို လက်ရှိနှုန်းထား တစ်လလျှင် ကျပ် ၃, ဝဝဝ
မှ ကျပ် ရ,၅ဝဝ သို့ ပြောင်းလဲကောက်ခံသွားရန် အတည်ပြုထားသည်။
''ပြီးခဲ့တဲ့ မတ် ၂၃ ရက်ကတော့ ကျွန်တော်တို့ ဆိုင်ခန်းရှင်တချို့ စုပေါင်းလက်မှတ်ထိုးပြီး
တစ်လကို ကျပ် ၆,ဝဝဝ နှုန်းပဲ ကောက်ခံဖို့တိုင်းဒေသကြီး အစိုးရအဖွဲ့ထံကို တင်ပြထား
ကြပါတယ်။ ကျွန်တော်အပါအဝင် တချို့လည်းဆိုင်ခန်းခ မပေးကြသေးပါဘူး၊ တစ်ခုခုများ
ထူးခြားမလားလို့ စောင့်နေကြတာပါ'' ဟု ဦးလှရွှေက ပြောသည်။
















