ပုဂံဇုန်ဝင်ကြေးငွေဖြင့် ပုဂံဘုရားလမ်းများ စတင်ပြုပြင်

ပုဂံဇုန်ဝင်ကြေးငွေဖြင့် ပုဂံဘုရားလမ်းများ စတင်ပြုပြင်

ပုဂံရှေးဟောင်းယဉ်ကျေးမှုဇုန်ကို လာရောက်လည်ပတ်သည့် နိုင်ငံခြားသားခရီးသွားများ
ထံမှကောက်ခံရရှိသည့် ဇုန်ဝင်ကြေးများ၏လေးရာခိုင်နှုန်းဖြင့် ပုဂံဒေသရှိ ဘုရားများ၏ 
လမ်းများကို စတင်ပြုပြင်နေပြီဖြစ်ကြောင်း ပုဂံဒေသ တိုးတက်ဖွံ့ဖြိုးရေးအသင်းဥက္ကဋ္ဌ 
ဦးခင်မောင်နုက ယခုလ ၁၅ ရက်က ပြောသည်။

''ပုဂံဒေသ တိုးတက်ရေးအတွက် ရရှိထားတဲ့ ငွေကြေးထဲကနေ အခု ဘုရားလမ်းတွေ
ပြုပြင်နေပါတယ်။ ဘုရားလမ်းတွေကိုအဆင့်မြှင့်တင်တာမျိုးတွေလုပ်ဖို့လိုပါတယ်။ တချို့
ဘုရားတွေကို သွားမယ်ဆိုရင် လမ်းကောင်းကောင်းမရှိဘူး။ အဲဒီတော့ ခရီးသွားတွေက
မရောက်ဖြစ်ကြဘူး။ အခုအဲဒါတွေကို ပြင်ဖို့လုပ်မယ်။ လက်ရှိအနေနဲ့တော့ မင်္ဂလာစေတီ
ဘုရားနားကလမ်းကို အဆင့်မြှင့်တင်နေတယ်။ လောကဥသျှောင်ဘုရားနားမှာလည်း
ပြင်ဆင်နေပါတယ်'' ဟု ၄င်းက ပြောသည်။

ပုဂံဒေသသို့ လာရောက်သည့် နိုင်ငံခြားသား ခရီးသွားများထံမှ ရရှိသည့် ဇုန်ဝင်ကြေးများ
ထဲမှ လေးရာခိုင်နှုန်းကို ပုဂံဒေသတိုးတက်ရေးအတွက် အသုံးပြုနိုင်ပြီး လက်ရှိအချိန်တွင်
ပုဂံဒေသတိုးတက်ရေးအတွက် ကျပ်သိန်း ၅ဝဝ ရရှိထားကြောင်းနှင့် အဆိုပါ ငွေကြေးများထဲမှ၅ဝ ရာခိုင်နှုန်းကို ပုဂံဒေသရှိ လမ်းများအတွက် အသုံးပြုနိုင်ပြီး ကျန်သည့်တစ်ဝက်ကို ပုဂံဒေသသဘာဝပတ်ဝန်းကျင်အတွက်
အသုံးပြုမည်ဟု ၄င်းက ပြောသည်။

''ပုဂံဘုရားတွေကို လည်ပတ်လို့မောပန်းတယ်ဆိုရင် အနားယူစရာနေရာတွေ မရှိဘူး။
ထိုင်ခုံလေးတွေမရှိဘူး။ အဲဒါလေးတွေ လုပ်ဆောင်သွားမယ်။ ပန်းခြံငယ်လေးတွေ
လုပ်ဆောင်သွားမယ်။ ဘုရားလမ်းတွေကိုလည်း ထပ်ပြီး ပြင်ဆင်ဖို့အတွက်ရှိပါသေးတယ်။
ထပ်ပြီး ပြင်ဆင်တာတွေ လုပ်ဆောင်သွားဦးမှာပါ'' ဟု ဦးခင်မောင်နုက ပြောသည်။

နိုင်ငံခြားသား ခရီးသွားများထံမှ ရရှိသည့် ဇုန်ဝင်ကြေးများထဲမှ ၉ဝ ရာခိုင်နှုန်းကို
နိုင်ငံတော်က ရရှိပြီး ခြောက်ရာခိုင်နှုန်းကို ခရီးသွားလာမှုဖွံ့ဖြိုးရေးအတွက် အသုံးပြုကာ
လေးရာခိုင်နှုန်းကို ပုဂံဒေသဖွံ့ဖြိုးရေးအတွက် အသုံးပြုကြောင်း ရှေးဟောင်းသုတေသနနှင့်
အမျိုးသားပြတိုက်ဦးစီးဌာန (ပုဂံဌာနခွဲ) က ညွှန်ကြားရေးမှူး ဦးအောင်အောင်ကျော်က
ပြောသည်။

''ပုဂံဒေသဆိုတာ နှစ်စဉ် ခရီးသွားတွေလာကြတယ်။ တစ်နှစ်ထက်တစ်နှစ် တိုးတက်လာ
တယ်။ အဲဒီတော့ပုဂံဒေသနဲ့ ပတ်သက်တာတွေကိုလည်းဒီထက်ပိုပြီး ပြင်ဆင်နေရမှာပါ။
နောက်ဆုံး ကုန်ကုန်ပြောရရင် အမှိုက်ပုံးတောင် နေရာတိုင်းမှာ ရှိထားသင့်တယ်။
ဒီထက်ပိုပြီး ပြင်ဆင်မှုတွေ ထပ်လုပ်ဖို့ လိုသေးတယ်လို့ထင်တယ်'' ဟု ညောင်ဦးမြို့ခံ
ဦးစိုးဝင်းက ပြောသည်။



မြန်မာတစ်နိုင်ငံလုံးဆိုင်ရာ COVID-19 အချက်အလက်

ဖတ်ရှုမှုအများဆုံး