မန္တလေးတိုင်းဒေသကြီး၊ ပြင်ဦးလွင်ခရိုင်၊သပိတ်ကျင်းမြို့နယ် အနီးတစ်ဝိုက်ရှိသစ်တော
များတွင် ကျင်လည်ကျက်စားနေသည့်တောဆင်ရိုင်းများကို ဖမ်းဆီးသတ်ဖြတ်မှုများရှိနေ
ကြောင်း သပိတ်ကျင်းမြို့နယ်တောရိုင်းတိရစ္ဆာန် ထိန်းသိမ်းစောင့်ရှောက်ရေး ၉ မိုင်ကျေးရွာ
ရှေ့တန်းရုံးစခန်း တာဝန်ခံ ဦးစိုင်းညီညီက ပြောသည်။
ယခုလ ၃ ရက်မှ ၁ဝ ရက်အထိ သတ်ဖြတ်ခံထားရသည့် တောဆင်ရိုင်းနှစ်ကောင်နှင့်
အဆိပ်လူးမြား ထိမှန်ထားသည့် တောဆင်ရိုင်းတစ်ကောင်ကို သပိတ်ကျင်းမြို့နယ်အနီးရှိ
တောထဲတွင် တွေ့ရှိထားကြောင်း၊ လက်ရှိတွင် အဆိပ်လူးမြားထိမှန်ထားသည့် တောဆင်
ရိုင်းကို အဆိပ်ထိမှန်ထားသည့် အသားစများကို ဖယ်ထုတ်ပြီး ဆေးကုသမှုပေးထား
ကြောင်း ဦးစိုင်းညီညီကယခုလ ၁၄ ရက်တွင် ပြောသည်။
''ကျွန်တော်တို့ ရွှေဥဒေါင်း ဘေးမဲ့သစ်တောကြိုးဝိုင်းနဲ့ ဆက်စပ် တောဧရိယာတွေမှာ
တောဆင်ရိုင်းတွေကို သတ်ဖြတ်ထားတာ တွေ့ရတာပေါ့။ နှစ်ကောင်ကိုတော့ အသေတွေ့
တယ်။ တစ်ကောင်ကတော့ အဆိပ်မြားနဲ့ ပစ်ခံထားရတယ်။ သူကတော့ မသေပါဘူး။ အခု
ဆေးကုသပေးထားလို့ အခြေအနေကတော့ အတော်ကောင်းပါတယ်။ တောထဲမှာ
လူလွှတ်ပြီး အနောက်ကနေ စောင့်ကြည့်ပေးနေရတယ်။ ဘာကြောင့် သတ်တယ်ဆိုတာ
ကိုတော့ မပြောတတ်ပါဘူး။ ဆင်စွယ်ဆိုတာကလည်း စျေးကွက်စီးပွားရေအရ ကောင်း
တယ်ဆိုတော့ အဲဒါကြောင့်လည်း ဖြစ်နိုင်ပါတယ်'' ဟု ဦးစိုင်းညီညီက ပြောသည်။
ယခုလ ၃ ရက်က ရွှေဥဒေါင်း ဘေးမဲ့တောအနီး အုန်းပိုင်ကျေးရွာ အရှေ့ဘက် ခုနစ်မိုင်
အကွာတွင် တောဆင်ရိုင်းသေတစ်ကောင်ကို တွေ့ရှိခဲ့ခြင်းဖြစ်ပြီး ၆ ရက်တွင် စပ္ပာယ်နဂိုရ်
ကျေးရွာအုပ်စုအတွင်း၌ နောက်ထပ် ဆင်ရိုင်းတစ်ကောင်အသေ တွေ့ရှိခြင်းဖြစ်ကာ ၁ဝ
ရက်တွင် သပိတ်ကျင်းမြို့နယ် ခုနစ်မိုင်ကျေးရွာအနီးတွင် အဆိပ်လူးမြားထိထားသည့်
ဆင်တစ်ကောင်ကို ထပ်မံတွေ့ရှိခြင်းဖြစ်ကြောင်း၊ သေဆုံးသွားသော ဆင်နှစ်ကောင်
အနက် တစ်ကောင်မှာ အမဖြစ်ပြီး ကျန်တစ်ကောင်မှာ အပိုင်းပိုင်းဖြတ်ထားသည့်အတွက်
အထီး၊ အမခွဲခြားရန် ခက်ခဲကြောင်း ဦးစိုင်းညီညီက ပြောသည်။
''ကျွန်တော်တို့တွေ့တော့ ပုပ်ပွနေပါပြီ။ နောက်ပြီး အပိုင်းပိုင်းဖြတ်ထားတဲ့အတွက်
နောက်တစ်ကောင်က အထီးအမခွဲဖို့ ခက်တယ်။ ခေါင်းကနေ ဖြတ်ယူသွားတဲ့အတွက်
ဆင်စွယ်ပါလား၊ မပါဘူးလားဆိုတာတော့ ပြောရခက်ပါတယ်။ ဆေးကုပေးထားတဲ့ဆင်
ကတော့ အထီးပါ။ အသက် ၂၅ နှစ်လောက်တော့ ရှိမယ်ခန့်မှန်းထားပါတယ်'' ဟု ၄င်းက
ပြောသည်။
သပိတ်ကျင်းအနီးဝန်းကျင်ရှိ တောများထဲတွင် တောဆင်ရိုင်းအကောင် ၂ဝ ဝန်းကျင်ခန့်
ရှိနိုင်ပြီး အတိအကျ စာရင်းပြုစုပြီးထိန်းသိမ်းစောင့်ရှောက်ရန် ဝန်ထမ်းအင်အားနှင့်
နည်းပညာပိုင်း လိုအပ်ချက်ရှိနေသေးကြောင်း ဦးစိုင်းညီညီက ပြောသည်။
တောဆင်ရိုင်း သတ်ဖြတ်သူများကိုဖမ်းဆီးရမိရန်နှင့် အဆိပ်မြားထိမှန်ထားသည့် ဆင်ကို
ဆေးဝါးကုသရန် သစ်တောဦးစီးဌာန၊ ရဲတပ်ဖွဲ့၊ သက်ဆိုင်ရာ အထွေထွေအုပ်ချုပ်ရေးမှူး
များ ပူးပေါင်းဆောင်ရွက်လျက်ရှိသည်။
ဆင်သတ်ဖြတ်သူများကို ဖမ်းဆီးရမိခြင်း မရှိသေးဘဲ ၄င်းတို့ကို တောရိုင်းတိရစ္ဆာန်နှင့်
သဘာဝနယ်မြေများ ထိန်းသိမ်းရေး ဥပဒေပုဒ်မ ၃၇ (က) အရ အမှုဖွင့်ထားကြောင်း
မြို့နယ်သစ်တောဦးစီးဌာနထံမှ သိရသည်။
















