မန္တလေးမြို့၊ ပြည်ကြီးတံခွန်မြို့နယ် မန္တလာတံခွန်ပန်းခြံတွင် ကြေးပိဿာချိန် ၁,၅ဝဝ
ရှိသည့် ဗိုလ်ချုပ်အောင်ဆန်း ကြေးရုပ်တုဖွင့်ပွဲကို ဒေါ်အောင်ဆန်းစုကြည်၏မွေးနေ့
ဖြစ်သည့် ဇွန် ၁၉ ရက်တွင် ပြုလုပ်သွားမည်ဖြစ်ကြောင်း ဗိုလ်ချုပ်အောင်ဆန်းရုပ်တုနှင့်
ရင်ပြင်ဖြစ်မြောက်ရေးအဖွဲ့က ဦးမင်းထက်ငြိမ်းချမ်းက ပြောသည်။
''ဇွန် ၁ဝ ရက်နဲ့ ၁၁ ရက်မှာ မြို့ကို ပြန်အပ်နှံတဲ့သဘော၊ ဂါရဝပြုခံတဲ့သဘောနဲ့လှည့်မယ်။
မြို့မတူရိယာအသင်းလည်း ပါမယ်။ ဇွန် ၁၉ မှာ ဖွင့်မယ်''ဟု ၄င်းက ပြောသည်။
အဆိုပါဖွင့်ပွဲသို့ နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည် အပါအဝင်
နိုင်ငံတော်အကြီးအကဲများနှင့်အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ပါတီခေါင်းဆောင်များကို
ဖိတ်ကြားသွားမည်ဟု ၄င်းကပြောသည်။
အမြင့် ၁၃ ပေနီးပါးးရှိ ဗိုလ်ချုပ်အောင်ဆန်းကြေးရုပ်သည် ၁၉၄၇ ခုနှစ် လွတ်လပ်ရေး
ကြိုးပမ်းမှုကာလအတွင်း ဗိုလ်ချုပ်၏ အသွင်အပြင် မျက်နှာပုံပန်းသဏ္ဌာန်ကိုယူကာ
မန္တလေးမြို့၊ ချမ်းမြသာစည်မြို့နယ်၊ တမ္ပဝတီရပ်ကွက်တွင် သွန်းလုပ်လျက်ရှိသည်။
''အစိတ်အပိုင်း ၁၃ ခုပါတဲ့နေရာမှာ အခုရှစ်ခုပြီးသွားပြီ။ ၆ဝ ရာခိုင်နှုန်း ပြီးသွားပြီတော့
ပြောလို့ရတယ်'' ဟု ဦးမင်းထက်ငြိမ်းချမ်းက ပြောသည်။
အဆိုပါ ဗိုလ်ချုပ်ကြေးရုပ် သွန်းလုပ်ရန်အတွက် ၂ဝ၁၅ ခုနှစ်က စတင်ဖွဲ့စည်းခဲ့သော
ဗိုလ်ချုပ်အောင်ဆန်း နှစ် ၁ဝဝ ပြည့်ရုပ်တုနှင့် ရင်ပြင်ဖြစ်မြောက်ရေးအဖွဲ့က
ကျပ်သိန်းပေါင်း ၃ဝဝ ကျော် အကုန်အကျခံပြုလုပ်ခြင်းဖြစ်ကြောင်း ၄င်းက ပြောသည်။
















