ယခုဘဏ္ဍာနှစ် ငါးအင်းလေလံ ကျပ်သိန်း ၁,ဝဝဝ ကျော် ပိုမိုရရှိ

ယခုဘဏ္ဍာနှစ် ငါးအင်းလေလံ ကျပ်သိန်း ၁,ဝဝဝ ကျော် ပိုမိုရရှိ

ယခုဘဏ္ဍာနှစ်အတွက် မန္တလေးတိုင်းဒေသကြီးအတွင်းရှိ အင်းများကိုလေလံပစ်ရာတွင် 
ရရှိသည့်နှုန်းထားမှာ ယခင်နှစ်ထက် ကျပ်သိန်း ၁,၄ဝဝ ပိုမိုရရှိခဲ့ကြောင်း မန္တလေးတိုင်း
ဒေသကြီး ငါးလုပ်ငန်းဦးစီးဌာနဦးစီးမှူး ဦးလှဝင်းက လွန်ခဲ့သော ရက်သတ္တပတ်က
ပြောသည်။

မန္တလေးတိုင်းဒေသကြီး ငါးလုပ်ငန်းဦးစီးဌာန ယခုလ ၃ ရက်မှ ၉ ရက်အထိ အမရပူရ
မြို့နယ်၊ နတ်ရေကန် ငါးလုပ်ငန်းဦးစီးဌာနခွဲတွင် အင်းအလုံး ၁၂၂ လုံးကို လေလံပစ်ခဲ့ရာ
အင်းအလုံး ၁ဝ၅ လုံးကို ရောင်းချခဲ့ပြီး ယင်းအင်းများနှင့် တင်ဒါလုပ်ကွက်များမှ ကျပ်သိန်း
၄,ဝဝဝ ကျော်ရရှိခဲ့ပြီး ကြေးတိုင်သက်တမ်းကျန်အင်း ၉၆ ခုမှ ကျပ်သိန်း ၁,၃ဝဝ ကျော်ရရှိ
ခဲ့ကြောင်း ငါးလုပ်ငန်းစာရင်းများအရ သိရသည်။

''အရင်နှစ်ထက် ငွေကြေးပိုမိုရရှိခဲ့တယ်။ အင်းတွေရဲ့ တန်ကြေးတွေ တိုးမြှင့်လိုက်တဲ့
အတွက်ကြောင့်လည်း ပါတယ်။ နောက်ထပ် လေလံပစ်ဖို့ အင်း ၁၇ လုံး ကျန်သေးတယ်။
အဲဒီအင်းတွေကနေလည်း ထပ်ပြီးရလာဦးမှာပါ''ဟု ဦးလှဝင်းက ပြောသည်။

ယခုလ နောက်ဆုံးပတ်အတွင်း မန္တလေး၊ မြင်းခြံ၊ ကျောက်ဆည်၊ ပြင်ဦးလွင်မြို့နယ်များရှိ
အင်း ၁၇ လုံးကို ထပ်မံ လေလံပစ်မည်ဖြစ်ပြီး အဆိုပါအင်းများမှ ကျပ်သိန်း ၅ဝဝ မှ၁,ဝဝဝ
အထိ ရရှိနိုင်သေးကြောင်း ဦးလှဝင်းက ပြောသည်။

ပြီးခဲသည့်ဘဏ္ဍာနှစ်က အင်းများ လေလံပစ်ရာတွင် ကျပ်သိန်း ၃,၉ဝဝ ကျော်သာ
ရရှိခဲ့သော်လည်း ယခုနှစ်လေလံပစ်ရာတွင်ငွေကြေးပိုမို ရရှိခဲ့ကြောင်းနှင့် လေလံဝင်ဆွဲ
သူများထဲတွင် ဒေသခံငါးဖမ်းလုပ်သားများစုပေါင်းကာ ဝင်ရောက်လေလံဆွဲခြင်းများရှိသည်။



မြန်မာတစ်နိုင်ငံလုံးဆိုင်ရာ COVID-19 အချက်အလက်

ဖတ်ရှုမှုအများဆုံး