စိုက်ပျိုးရေးလုပ်ငန်းဆိုင်ရာ နိုင်ငံတကာ ကုန်စည်ပြပွဲနှင့် ဟောပြောပွဲကို မေ ၂ဝ၊ ၂၁ ရက်
များတွင် ပြုလုပ်သွားမည်ဖြစ်ကြောင်း ပြပွဲကျင်းပပြုလုပ်သည့် Veas Co, Ltd တာဝန်ရှိသူ
ဒေါ်သက်သက်မာက မေ ၁၅ ရက်တွင် ပြောသည်။
အဆိုပါပွဲကို Veas Co, Ltd နှင့် တရုတ်နိုင်ငံက တရုတ်သီးနှံ ကာကွယ်စောင့်ရှောက်ရေး
အသင်းတို့ ပူးပေါင်း ပြုလုပ်ခြင်းဖြစ်ကာ ပြခန်းပေါင်း ၁ဝဝ ခန့်ဖြင့် ပြသသွားမည်ဖြစ်
ကြောင်း ၄င်းက ပြောသည်။
''နိုင်ငံတကာက စိုက်ပျိုးရေးနဲ့ပတ်သက်တဲ့ ကုမ္ပဏီတွေရယ်၊ ရန်ကုန်၊ မန္တလေးက
ကုမ္ပဏီတွေ ပါဝင်ပြသမှာပါ။ တခြားစိုက်ပျိုးရေးအသင်းအဖွဲ့တွေရော ပါဝင်ပြသသွားမှာပါ''
ဟု ၄င်းက ပြောသည်။
ပြပွဲပြုလုပ်ခြင်းနှင့်အတူ ဟောပြောပွဲများလည်း ပြုလုပ်မည်ဖြစ်ကာ တရုတ်နိုင်ငံက
စိုက်ပျိုးရေးပညာရှင်များနှင့် မြန်မာနိုင်ငံ သစ်သီးဝလံ၊ ပန်းမန်နှင့် ဟင်းသီးဟင်းရွက်
စိုက်ပျိုးထုတ်လုပ် တင်ပို့ရောင်းချသူများအသင်းက ဟောပြောဆွေးနွေးခြင်းများပြုလုပ်
မည်ဖြစ်ကြောင်း ဒေါ်သက်သက်မာက ပြောသည်။
''သစ်သီးဝလံ၊ ပန်းမန်နဲ့ ဟင်းသီးဟင်းရွက်တွေရဲ့ ပိုးသတ်ဆေးနဲ့ ဓာတ်မြေသြဇာတွေ
အကြောင်းရယ်၊ ပြီးတော့ စိုက်ပျိုး ဓာတုထုတ်ကုန်တွေ စာရင်းသွင်းမှတ်ပုံတင်ခြင်းနဲ့
လုပ်ထုံးလုပ်နည်းတွေအကြောင်း ဟောပြောဆွေးနွေးမှာပါ''ဟု ၄င်းက ပြောသည်။
အဆိုပါပွဲကို မန္တလေးတိုင်းဒေသကြီး၊ ချမ်းမြသာစည်မြို့နယ်၊ ၆၈ လမ်းနှင့် ရ၃ လမ်းကြား၊
သဇင်လမ်းနှင့် ငုရွှေဝါလမ်းကြားရှိ အားကစားနှင့် ကာယပညာသိပ္ပံကျောင်းတွင် ပြုလုပ်
မည်ဖြစ်ပြီး မည်သူမဆို အခမဲ့ လာရောက်လေ့လာနိုင်ကာ နံနက် ၉ နာရီမှ ည ၉ နာရီ
အထိပြုလုပ်သွားမည်ဖြစ်သည်။















