လယ်ယာစိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာနနှင့် အပြည်ပြည်ဆိုင်ရာ
စိုက်ပျိုးရေး ဖွံ့ဖြိုးတိုးတက်မှု ရန်ပုံငွေအဖွဲ့ (IFAD) တို့ ပူးပေါင်းကာ တိုင်းရင်းသား
အိမ်ထောင်စုပေါင်း ၆၂,၄ဝဝ ကျော် စီးပွားရေးအကျိုးအမြတ် ဖြစ်ထွန်းစေမည့် အရှေ့ပိုင်း
ဒေသများ စိုက်ပျိုးစီးပွား ဖွံ့ဖြိုးတိုးတက်ရေး စီမံကိန်း (ESAP) ကို ဖော်ဆောင်သွားမည်
ဖြစ်သည်။
စီမံကိန်းအကောင်အထည်ဖော်ဆောင်ရွက်နိုင်ရေးအတွက် ဆည်မြောင်းဝန်ကြီး၊ သစ်တော
နှင့်သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးဝန်ကြီး၊ သတ္တုနှင့် လမ်းပန်းဆက်သွယ်ရေးဝန်ကြီး
နှင့် အပြည်ပြည်ဆိုင်ရာ စိုက်ပျိုးရေး ဖွံ့ဖြိုးတိုးတက်မှု ရန်ပုံငွေအဖွဲ့ (IFAD) တာဝန်ရှိသူ
တို့သည် ယခုလ ၂ ရက်က ကရင်ပြည်နယ်၊ စိုက်ပျိုးရေးဦးစီးဌာန၊ ပြည်နယ်ဦးစီးမှူးရုံးရှိ
ရဲသူရိန်ခန်းမတွင် တွေ့ဆုံကာ ဆွေးနွေးခဲ့ကြသည်။
ကရင်ပြည်နယ်ရှိ ဘားအံ၊ လှိုင်းဘွဲ့၊ ကော့ကရိတ်နှင့် သံတောင်မြို့နယ်၊ ရှမ်းပြည်နယ်ရှိ
ဟိုပုံး၊ တောင်ကြီး၊ ဆီဆိုင်နှင့် ကျောက်တလုံးကြီးမြို့နယ်တို့ရှိ ဆင်းရဲသော ကျေးလက်နေ
အမျိုးသား၊ အမျိုးသမီးများ၊ ရေသွင်းစိုက်ပျိုးနေသော လယ်သမားများ၊ မိုးကောင်းသောက်
လယ်သမားများ၊ တောင်ပေါ်တွင်နေထိုင်ပြီး သစ်တော သစ်ပင်ရောနှော စိုက်ပျိုးကြသော
အိမ်ထောင်စုများ ၊ လယ်ယာလုပ်ငန်းနှင့် ချိတ်ဆက် အသက်မွေးကြသော လယ်ယာမဲ့
အလုပ်သမားများအတွက် ၄င်းစီမံကိန်းကို ဖော်ဆောင်ရခြင်းဖြစ်ကြောင်း အပြည်ပြည်
ဆိုင်ရာစိုက်ပျိုးရေး ဖွံ့ဖြိုးတိုးတက်မှု ရန်ပုံငွေအဖွဲ့ (IFAD) မှ ပညာရှင်ဦးအောင်လှိုင်က
ဆိုသည်။
''ရေထုတ်စနစ်တွေ၊ ရေသွင်းဖြန့်ဝေမှုစနစ်တွေနဲ့ လယ်ကြားကုန်ထုတ်လမ်းတွေကို
တိုးတက်အောင် ဆောင်ရွက်မယ်။ စျေးကွက်တောင်းဆိုမှုပေါ် မူတည်ပြီး မတူညီတဲ့
သီးနှံအမျိုးအစား စုံစုံလင်လင် စိုက်ပျိုး ထုတ်လုပ်နိုင်အောင် အခွင့်အလမ်းဖန်တီပေးမယ်။
စိုက်ပျိုး ၁၉,၂ဝဝ ဧကထဲက ၁၁,၂ဝဝ ဧက ကိုရေသွင်းစိုက်ပျိုးနိုင်အောင် ရေသွင်းစနစ်
၁၂ ခု အဆင့်မြှင့်တင်ပြီး ဖွံ့ဖြိုးတိုးတက်လာအောင် ဆောင်ရွက်မယ်။ စိုက်ပျိုးရေးလုပ်ငန်း
တွေအတွက် နည်းပညာတွေ ဖြန့်ဖြူးပေးမယ်။သီးနှံတန်ဖိုး ကွင်းဆက်တစ်လျှောက် ပါဝင်
ပတ်သက်သူတွေနဲ့ ချိတ်ဆက်ပေးမယ်။ နိုင်ငံခြားပို့ကုန် တိုးတက်လာစေဖို့ နိုင်ငံတကာ
စျေးကွက် လက်လှမ်းမှီအောင် ကူညီပေးမယ်။ စီမံကိန်းဒေသအတွင်း စိုက်ပျိုးစီးပွား
လုပ်ငန်းတွေ လာရောက်ရင်းနှီးလုပ်ကိုင်လာစေရန် အပြိုင်စနစ်နဲ့ ကနဦး မတည်ငွေစနစ်
ထောက်ပံ့ပေးခြင်းတွေကို လုပ်ဆောင်သွားမယ်'' ဟု (ESAP) မှမြန်မာနိုင်ငံဆိုင်ရာစီမံကိန်း
ညှိနှိုင်းရေးမှူး ဒေါ်သီရိဝေက ပြောသည်။
၄င်းစီမံကိန်းအတွက် (IFAD) အထူးအတိုးလျှော့ပေးထားသော ချေးငွေ အမေရိကန်
ဒေါ်လာ ၅၆ ဒသမ ၈ သန်း၊ ((IFAD) ထောက်ပ့ံငွေ ကန်ဒေါ်လာ ၁ ဒသမ ၅ သန်း၊
နိုင်ငံတော်အစိုးရထည့်ဝင်ငွေ ကန်ဒေါ်လာ ၄ ဒသမ ၉ သန်းနှင့် အကျိုးခံစားရသူများ
ထည့်ဝင်ငွေ ကန်ဒေါ်လာ နှစ်သန်း၊ စုစုပေါင်းစီမံကိန်း ကုန်ကျငွေ ကန်ဒေါ်လာ ၆၅ ဒသမ
၂ သန်းထိရှိမည်ဖြစ်ပြီး (IFAD) အထူးအတိုးလျော့ပေးထားသော ချေးငွေပေးချေမှုမှာ
၁ဝ နှစ် ဆိုင်းငံ့ကာလဖြစ်သည်။ ပြန်လည်ပေးချေမှုမှာ နှစ် ၃ဝ သတ်မှတ်ထားကာ
စုစုပေါင်း နှစ် ၄ဝ အတွင်း ပြန်လည်ပေးချေရမည်ဖြစ်ကြောင်း စီမံကိန်းရေးဆွဲထားသည့်
မှတ်တမ်းများအရ သိရသည်။
စီမံကိန်း အကောင်အထည်ဖော် အောင်မြင်ပါက ရေသွင်းစိုက်ပျိုးဧရိယာ ၅၈,၁၂၅ ဧက၊
မိုးကောင်းသောက်နှင့် ယာယီသီးနှံ စိုက်ပျိုးဧရိယာ ၁ဝ၃,၅၃ဝ ဧကနှင့် သစ်တောမြေ
ဧရိယာ ၂၅,၁၃၅ ဧက၊ စိုက်ပျိုးမြေ ဧရိယာ ၁၈၆,၇၉ဝ ဧကကို တိုက်ရိုက်အကျိုးဖြစ်ထွန်း
စေမည်ဖြစ်ပြီး အိမ်ထောင်စုပေါင်း ၆၂,၄ဝဝ (လူဦးရေ ၃၁၅,ဝဝဝ) ၏ စီးပွားရေး၊ လူမှုရေး
များအကျိုးဖြစ်ထွန်းစေမည်ဖြစ်သည်။
''ဒီစီမံကိန်း အကောင်အထည်ဖော်လာမယ်ဆိုရင် တောင်သူလယ်သမားတွေရဲ့အခြေခံ
အဆောက်အအုံတွေကောင်းမွန်လာမယ်။ ဆည်မြောင်းစနစ်၊ ရေမြောင်းစနစ်တွေကောင်း
လာမယ်။ တောင်သူတွေကိုလည်း နည်းပညာအသစ်တွေ ကူညီပ့ံပိုးပေးမယ်ဆိုတော့
တကယ်ကို ကောင်းမွန်တဲ့ စီမံကိန်းပါ''ဟု ကရင်ပြည်နယ် စိုက်ပျိုးရေးဦးစီးဌာန၊ ပြည်နယ်
ဦးစီးမှူး ဦးဝင်းလှိုင်ဦးက မြန်မာတိုင်း(မ်) ကို ပြောသည်။
''စီမံကိန်းကာလ ခြောက်နှစ်အတွင်း နှစ်စဉ် စိုက်ပျိုထုတ်လုပ်ခြင်းအတွက် ကန်ဒေါ်လာ
၃၈ ဒသမ ၂ သန်းထိ တိုးတက်လာမှာဖြစ်ပါတယ်'' ဟု (ESAP) မှ တာဝန်ရှိသူတစ်ဦးက
ပြောသည်။















