မြန်မာနိုင်ငံအတွင်းရှိ တိုင်းနှင့်ပြည်နယ်ခြောက်ခုမှ မြို့ကြီးများ၏ အများပြည်သူအသုံးပြု
သည့်နေရာများတွင် ဆေးလိပ်ကင်းစင်နယ်မြေအဖြစ် ၂ဝ၁၇ ခုနှစ်အတွင်း ဆောင်ရွက်ရန်
စီစဉ်နေကြောင်း ပြည်သူ့ကျန်းမာရေးဖောင်ဒေးရှင်း ဥက္ကဋ္ဌ ဒေါက်တာသန်းစိန်က မေလ
ဒုတိယရက်သတ္တပတ်က ပြောသည်။
''အများပြည်သူတွေ အသုံးများတဲ့နေရာတွေမှာ ဆေးလိပ်ကင်းစင်တဲ့နယ်မြေအဖြစ်
သတ်မှတ်ဖို့ ဆောင်ရွက်မှာ ဖြစ်ပါတယ်။ လူငယ်တွေ ငယ်ငယ်ရွယ်ရွယ်နဲ့ ဆေးလိပ်
သောက်တာကို တားဆီးဖို့အတွက်နဲ့ ဆေးလိပ်မသောက်ပေမဲ့ သောက်တဲ့သူတွေကြောင့်
တစ်ဆင့်ခံရောဂါရနိုင်တာတွေကို ကာကွယ်ပေးဖို့အတွက်လည်းပါတယ်'' ဟု ၄င်းက
ဆိုသည်။
အများပြည်သူရှိသည့် နေရာများတွင် ဆေးလိပ်မသောက်ရနယ်မြေအဖြစ် သတ်မှတ်ဆောင်
ရွက်ရန်စီစဉ်နေသည့် တိုင်းနှင့်ပြည်နယ် ခြောက်ခုမှာ မန္တလေး၊ ရန်ကုန်၊ စစ်ကိုင်း၊ မကွေး
တိုင်းဒေသကြီးများ၊ ကရင်နှင့်ရှမ်းပြည်နယ်တို့ ဖြစ်သည်။
အဆိုပါ တိုင်းနှင့်ပြည်နယ် ခြောက်ခုအတွင်းရှိ မြို့ကြီးများ၏ အများပြည်သူရှိသည့်နေရာများ
ဖြစ်သော ဆေးရုံ၊ ကျောင်း၊ ဘုရားများတွင်ဆေးလိပ်ကင်းစင်သော နယ်မြေများအဖြစ်
ဆောင်ရွက်မည်ဖြစ်ကြောင်းနှင့် အဆိုပါအစီအစဉ်ကို တိုင်းနှင့်ပြည်နယ် အစိုးရတို့နှင့်
ပူးပေါင်း ဆောင်ရွက်သွားမည်ဖြစ်ကြောင်း ဒေါက်တာသန်းစိန်က ပြောသည်။
''ဆေးလိပ်မသောက်ရနယ်မြေတွေ စီစဉ်တာက ကောင်းပါတယ်။ ကလေးသူငယ်တွေ၊
သက်ကြီးရွယ်အိုတွေ၊ အမျိုးသမီးတွေကျန်းမာရေးကို တစ်ဖက်တစ်လမ်းကနေ
ကာကွယ်ပြီးသား ဖြစ်တဲ့အတွက် ဒီအစီအစဉ်က အရမ်းကောင်းမွန်ပါတယ်။ ဒါပေမဲ့
ဆေးလိပ်သောက်သုံးတဲ့ လူတွေအတွက်လည်း ပြန်လည်စီစဉ်ပေးနိုင်ရမယ်။ ဆေးလိပ်
သောက်ဖို့ခွင့်ပြုထားတဲ့ နယ်မြေတွေ ထားပေးရပါမယ်'' ဟု ဆေးလိပ်သောက်သုံးသူ
မန္တလေးမြို့ခံ ဦးနိုင်ဝင်းထွန်းက ပြောသည်။
လက်ရှိအချိန်တွင် ပြည်သူ့ကျန်းမာရေးဖောင်ဒေးရှင်းမှ ဆေးလိပ်မသောက်ရ နယ်မြေများ
အဖြစ် သတ်မှတ်ဆောင်ရွက်နိုင်ရန်အတွက် မန္တလေးနှင့် မကွေးတိုင်းဒေသကြီးတို့တွင်
အလုပ်ရုံဆွေးနွေးပွဲများ ပြုလုပ်ခဲ့ကြောင်းနှင့် မန္တလေး မြို့ပေါ်ရှိ နာမည်ကြီး ဘုရားသုံးဆူ
တွင် ဆေးလိပ်မသောက်ရ နယ်မြေအဖြစ် သတ်မှတ်နိုင်ရန် ဆွေးနွေးမှုများ ပြုလုပ်နေ
ကြောင်း ဒေါက်တာသန်းစိန်က ပြောသည်။















