ဒေသဆိုင်ရာ ဧည့်လမ်းပြအခြေခံသင်တန်း လူငယ်များစိတ်ဝင်စားမှုများ

ဒေသဆိုင်ရာ ဧည့်လမ်းပြအခြေခံသင်တန်း လူငယ်များစိတ်ဝင်စားမှုများ

မန္တလေးတိုင်းဒေသကြီး၊ ပြင်ဦးလွင်မြို့တွင်ဒေသဆိုင်ရာ ဧည့်လမ်းပြအခြေခံသင်တန်း
အမှတ်စဉ် (၁) ကို ဟိုတယ်နှင့်ခရီးသွားလာရေး ဝန်ကြီးဌာနနှင့် ပြင်ဦးလွင်ဟိုတယ်
လုပ်ငန်းရှင်များအသင်းတို့ ပူးပေါင်းဖွင့်လှစ်ရာလူငယ်များစိတ်ဝင်စားမှုအားကောင်းကြောင်း
ဟိုတယ်လုပ်ငန်းရှင်များက ပြောသည်။

ပြင်ဦးလွင်မြို့နယ်သို့ ဧည့်သည်များ လာရောက်လည်ပတ်ရာတွင် ထိရောက်သော
ဝန်ဆောင်မှုများပေးနိုင်ရန်နှင့် ဒေသဆိုင်ရာခရီးကြမ်း လမ်းလျှောက်လမ်းကြောင်းများ
ဖော်ဆောင်နိုင်ရန်အတွက် အဆိုပါသင်တန်းကို ဖွင့်လှစ်ခြင်းဖြစ်သည်။

''ပြင်ဦးလွင်မြို့နယ် အနီးအနား ဒေသခံလူငယ်တွေ စိတ်ဝင်စားမှု အားကောင်းကြတယ်။
မြို့ပေါ်က လူငယ်လေးတွေလည်း ပါတယ်။ သင်တန်းမှာက အလယ်တန်းအဆင့်၊
အထက်တန်းအောင်အဆင့်နဲ့ ဘွဲ့ရတဲ့လူငယ်တွေလည်း ပါတယ်။ ဒီသင်တန်းက
လူငယ်တွေရဲ့အခွင့်အလမ်းတွေကို ဖော်ဆောင်ပေးသွားမယ့် သင်တန်းတစ်ခုပါပဲ'' ဟု
ပြင်ဦးလွင်မြို့ရှိ Royal Parkview Hotel လုပ်ငန်းရှင်ဒေါ်နန်းမွန်ခမ်းက မြန်မာတိုင်း(မ်)ကို
ယခုလ ၁၃ ရက်က ပြောသည်။

အဆိုပါသင်တန်းကို မေ ၁၁ ရက်မှ မေ၂၅ ရက်အထိ ပြင်ဦးလွင်ဟိုတယ်လုပ်ငန်းရှင်များ
အသင်းရုံးတွင် နံနက် ၁၁ နာရီမှ ညနေ၃ နာရီထိ ပညာရှင်များက သင်ကြားပေးသွားမည်
ဖြစ်ပြီး သင်တန်းသို့ လူငယ် ၁၁၅ ဦး တက်ရောက်နေကြောင်း ၄င်းက ဆိုသည်။

၄င်းသင်တန်းမှ လူထုအခြေပြု ခရီးသွားလုပ်ငန်း အစီအစဉ်များ၊ လူဝင်မှုကြီးကြပ်ရေး
လုပ်ငန်းစဉ်များ၊ သဘာဝပတ်ဝန်းကျင် စိမ်းလန်းစိုပြည်ရေး ထိန်းသိမ်းပုံများ၊ ရှေးဦးသူနာ
ပြုစုနည်းများ၊ ဂျီပီအက်စ်အသုံးပြုနည်းများ၊ လမ်းလျှောက်ခရီးများ၏ အားနည်းချက်၊
အားသာချက်များ အစရှိသည်တို့ကို သင်ကြားပေးသွားမည်ဖြစ်ကြောင်း အဆိုပါသင်တန်း
တာဝန်ရှိသူများက ဆိုသည်။

''ဒေသအခြေပြု ခရီးသွားလုပ်ငန်းတွေဖော်ဆောင်ချင်တာရယ်၊ ကျေးရွာလူငယ်တွေအနေနဲ့
ဝင်ငွေအခွင့်အလမ်းတွေ ရလာမယ်။ ဒေသဗဟုသုတတွေ တိုးပွားလာမယ်။ မေမြို့ (သို့)
ပြင်ဦးလွင်ဆိုတာ စတင်ဖြစ်ပေါ်လာပုံ၊ မေမြို့ရဲ့ပြောင်းလဲလာတဲ့ ရာသီဥတု အနေအထား
တွေကိုလေ့လာရတဲ့အတွက် အလွန်ကို အကျိုးရှိတဲ့ သင်တန်းတစ်ခုပါ'' ဟု ရွှေသင်း
ကျေးရွာမှ ကိုစိုင်းကျော်ကျော်က မြန်မာတိုင်း(မ်) ကို ယခုလ ၁၄ ရက်က ပြောသည်။

ပြင်ဦးလွင်မြို့ သန့်ရှင်းသာယာလှပရေးနှင့် ခရီးသွားလုပ်ငန်း ဖွံ့ဖြိုးတိုးတက်စေရန်အတွက်
ခရီးကြမ်းလမ်းလျှောက် ခရီးစဉ်များကို စတင်ဖော်ဆောင်ရာတွင် တိုင်းရင်းသားတို့ရဲ့
ဓလေ့စရိုက်နှင့် သဘာဝစိုက်ခင်း စိုက်ကွက်များ လေ့လာနိုင်ရန်အတွက် ရှမ်းတိုင်းရင်းသား
အများအပြား တစ်စုတစ်စည်းတည်းစုပေါင်းနေထိုင်ကြသည့် ကျေးရွာများ၊ သဘာဝအတိုင်း
ဖြစ်ပေါ်နေသည့် ရေတံခွန်အဆင့် ခုနစ်ဆင့်ရှိသော ရေပျံတောင်ခရီးစဉ် နှင့် ကမ္ဘာ့တတိယ
အကြီးဆုံး ကျွန်းပင်ကြီးပေါက်ရောက်နေသည့် ခရီးစဉ်နှင့် ဒုဋ္ဌဝတီမြစ်ကမ်းတစ်လျှောက်
တို့ကို လေ့လာနိုင်ရန်ရေးဆွဲထားကြောင်း သိရသည်။

ပြင်ဦးလွင်မြို့၏ ခရီးသွားလုပ်ငန်းမှာတစ်နှစ်ထက် တစ်နှစ် နိုင်ငံခြားသား စိတ်ဝင်စားမှု
နည်းပါးလာပြီး မန္တလေးသို့ ရောက်ရှိလာသော နိုင်ငံခြားသား ဧည့်သည့်များသည်
ပြင်ဦးလွင်မြို့ကို ကျော်ကာ သီပေါမြို့သို့သွားရောက် လည်ပတ်လာကြသည့်အတွက်
ပြင်ဦးလွင်ခရီးသွားလုပ်ငန်း ကျဆင်းလာနေရာ ခရီးသွားလုပ်ငန်း ဖွံ့ဖြိုးတိုးတက်လာစေရန်
အတွက် သင်တန်းများဖွင့်လှစ်ပေးခြင်းနှင့် ခြေကျင်လမ်းလျှောက်ခရီးကြမ်း
လမ်းကြောင်းများ ဖော်ဆောင်ရခြင်းဖြစ်ကြောင်း ပြင်ဦးလွင်ဟိုတယ်လုပ်ငန်းရှင်များအသင်း
တာဝန်ရှိသူတစ်ဦးက ဆိုသည်။



မြန်မာတစ်နိုင်ငံလုံးဆိုင်ရာ COVID-19 အချက်အလက်

ဖတ်ရှုမှုအများဆုံး