မန္တလေးစျေးချိုဧရိယာအတွင်း ယာဉ်ကြောပိတ်ဆို့မှု အများဆုံးဖြစ်ပွားနေသော ၈၄ လမ်းမ
ပေါ်တွင် ပိတ်ဆို့မှုလျှော့ချရန်အတွက် ပညာပေးခြင်းကို ယခုလအတွင်း ဦးစွာလုပ်ဆောင်
သွားမည်ဖြစ်ကာ အရေးယူမှုအပိုင်းအတွက် တာဝန်ရှိသူများက ဆက်လက်ဆွေးနွေးသွား
ရန်ရှိကြောင်း မန္တလေးမြို့တော် စည်ပင်သာယာရေးကော်မတီ၊ အခွန်ဌာနမှ ကော်မတီဝင်
ဦးကျော်ဇောအောင်က ပြောသည်။
မန္တလေးစျေးချို မျက်နှာစာ ဧရိယာများဖြစ်သော ၈၄ လမ်းပေါ်၊ ၂၆ လမ်းနှင့် ၂၈ လမ်းကြား
နှင့် ၂၆ လမ်းပေါ်၊ ၈၄ လမ်းနှင့်၈၅ လမ်းကြား ဧရိယာများတွင် အကြောင်းအမျိုးမျိုးဖြင့် ဖြတ်
သန်းသွားလာသော ယာဉ်များနှင့် လိုင်းကားများအပြင် စျေးချိုနှင့်သက်ဆိုင်သော ကုန်တင်
ကုန်ချယာဉ်များကြောင့် ယာဉ်ကြောပိတ်ဆို့မှု ဖြစ်ပွားကာ အထူးသဖြင့် မွန်းလွဲ ၂ နာရီ
နောက်ပိုင်းအချိန်များတွင် ပိုမိုဆိုးရွားစွာ ဖြစ်ပေါ်တတ်သည်။
''စျေးချိုဧရိယာအတွင်း ယာဉ်မရပ်ရတဲ့နေရာတွေမှာ မရပ်ဖို့၊ သတ်မှတ်စည်းကမ်းချက်
အတိုင်းလိုက်နာနိုင်ဖို့ ဒီလထဲမှာ ပညာပေးအနေနဲ့ အရင် အသိပေးလုပ်ဆောင်သွားမှာပါ။
ဘယ်လိုပုံစံနဲ့ အရေးယူသွားမလဲ၊ ဒဏ်ကြေးတွေ ဘယ်လို သတ်မှတ်မလဲဆိုတာတွေကို
စျေးချိုတော်အကျိုးဆောင်တွေ၊ မန်းမြန်မာ စျေးအကျိုးဆောင်တွေနဲ့ ဆက်လက်ဆွေးနွေး
သွားဖို့ရှိပါတယ်'' ဟုဦးကျော်ဇောအောင်က ယခုလ ၁၆ ရက်တွင် ပြောသည်။
စျေးချိုရှေ့ ယာဉ်ကြောပိတ်ဆို့မှုမှာ နှစ်ကာလ ကြာမြင့်နေပြီဖြစ်ကာ ဖြေရှင်းရခက်သော
ကိစ္စရပ်တစ်ခုအဖြစ် ရှိနေဆဲဖြစ်ပြီး စျေးမျက်နှာစာ ၂၆ လမ်းပေါ်တွင် ယာဉ်အပ်နှံနေရာ
ရှိနေခြင်းကြောင့် သွားလာရပိုမိုခက်ခဲကြောင်း မြို့ခံတစ်ဦးက ပြောသည်။ ယခုနှစ် စျေးချို
ပတ်လည် သုံးနေရာရှိ ယာဉ်အပ်နှံခ ကောက်ခံခွင့် လုပ်ငန်းလေလံအတွက် ကျပ်သိန်း
၂, ၃ဝဝ ကျော် ရရှိထားသည်။
''စျေးချိုရှေ့ ၈၄ လမ်းပေါ်က တစ်လမ်းမောင်းဖြစ်ပေမဲ့ ရပ်ထားတဲ့ကားတွေများတာရယ်၊
လိုင်းကားတွေ သွားတာနဲ့ ကုန်တင်ကုန်ချ ရှိတာတွေရယ်ကြောင့်ယာဉ်ပိတ်ဆို့တာတွေ
ဖြစ်ပါတယ်။ နှစ်လမ်းမောင်းဖြစ်တဲ့ ၂၆ လမ်းပေါ်မှာလည်း စျေးချိုရှေ့တင်မဟုတ်ပဲ
စျေးချိုမရောက်ခင် လမ်း ၈ဝ လောက်ကစပြီး ၂၆ လမ်းတစ်လျှောက်လုံး ယာဉ်ပိတ်ဆို့မှု
ဆိုးရွားတတ်ပြီး စျေးချိုနားမှာ အဆိုးဆုံးဖြစ်ပါတယ်။ ကျောင်းဆင်းချိန်တွေ၊ ညနေခင်း
တွေဆို တော်တော်အချိန်ပေးပြီးမှ စျေးချိုဧရိယာကို ကျော်နိုင်တယ်''ဟု မြို့ခံတစ်ဦးက
ပြောသည်။
















