ဦးပိန်တံတားကို စီမံချက်ဖြင့် မပြင်ဆင်မီ အဆောတလျင်ပြုပြင်ရမည့်အပိုင်းများရှိနေ

ဦးပိန်တံတားကို စီမံချက်ဖြင့် မပြင်ဆင်မီ အဆောတလျင်ပြုပြင်ရမည့်အပိုင်းများရှိနေ

မန္တလေးမြို့၊ အမရပူရမြို့နယ်ရှိ ထင်ရှားသော ဦးပိန်တံတားကို သုံးနှစ်စီမံချက်ဖြင့် ပြင်ဆင်
ထိန်းသိမ်းသွားရန် စီစဉ်နေသော်လည်း အဆိုပါစီမံချက်မတိုင်မီ ဦးပိန်တံတားသို့လာရောက်
လည်ပတ်သူများ အန္တရာယ်ကင်းရှင်းရေးအတွက် အဆောတလျင်ပြုပြင်ရမည့်အပိုင်းများ
ရှိနေကြောင်း နည်းပညာတက္ကသိုလ်(မန္တလေး)မှ ပါမောက္ခ ဒေါက်တာ ဇာခြည်မင်းက 
မေလ ၁၈ ရက်နေ့တွင် ပြောသည်။

ဂျာမနီနိုင်ငံမှ နည်းပညာကျွမ်းကျင်ပညာရှင်များပါဝင်သော စီမံကိန်းအဖွဲ့နှင့် ဦးပိန်တံတား၏
ပျက်စီးယိုယွင်းနေသည့် အားနည်းချက်များကို ယခုလ ၈ ရက်က ငါးရက်ကြာလုပ်ဆောင်
ခဲ့ကြောင်း၊ စီမံကိန်းလုပ်ဆောင်ရန် ရန်ပုံငွေ၊ သစ်သားနှင့် လုပ်သားလိုအပ်ချက်များရှိ
ကြောင်း၊ လိုအပ်ချက်များကို တိုင်းဒေသကြီးအစိုးရအဖွဲ့ထံသို့ တင်ပြကာ ပြင်ဆင်
ထိန်းသိမ်းမှုကို ၂ဝ၁၈ ခုနှစ်မှစတင်၍ သုံးနှစ်အတွင်း လုပ်ဆောင်ရန်လျာထားကြောင်း၊
သို့ရာတွင် အဆိုပါကာလမတိုင်မီ တံတားကြံ့ခိုင်မှုအတွက် ဦးစွာ အလျင်အမြန်လုပ်ဆောင်
ရမည့်အပိုင်းများရှိနေကြောင်း စီမံကိန်းအဖွဲ့ခေါင်းဆောင် ဒေါက်တာဇာခြည်မင်းက
ပြောသည်။

''လက်ရှိတံတားမှာ တိုင်အသစ်တွေအစားထိုးဖို့ တူးထားတဲ့တွင်းတွေက လာမယ့်
မိုးရာသီမှာ တည်ငြိမ်မှုမရှိနိုင်တာကြောင့် ဒီတွင်းတွေကို သေချာပြန်ဖို့ထားဖို့ လိုပါတယ်။
ပြီးတော့ ထောင့်ချိုးတိုင်နေရာတွေမှာ ကြမ်းခင်းတွေအနေအထားက မျက်နှာပြင်မညီဘူး။
တိုင်လုံးတွေနဲ့ ယက်မတွေရဲ့ ချိတ်ဆက်ထားမှုက အာမခံချက် သိပ်မရှိဘူး။ ဒါတွေကို
ကျွန်မတို့စီမံချက်မစခင် မိုးရာသီမရောက်မီမှာ သွားလာလည်ပတ်သူတွေ အန္တရာယ်ကင်း
အောင် အမြန်ဆုံးအရင်လုပ်ဆောင်ထားသင့်ပါတယ်။ ရှေးဟောင်းဦးစီးဌာနက တာဝန်ရှိသူ
တွေကိုလဲ တင်ပြထားတယ်။ သူတို့လဲ လုပ်သွားမယ်ပြောပါ တယ်'' ဟု ဒေါက်တာ
ဇာခြည်မင်းက ယခုလ ၁၈ ရက်တွင် ပြောသည်။

လက်ရှိတွင် တံတားတိုင်လုံးအတော်များများမှာ အလယ်မှ အောက်ပိုင်းအထိ အခေါင်း
ပေါက်များဖြစ်နေပြီး တိုင်များအတွင်း မိုးရေဝင်ခြင်းနှင့် အင်းဆက်ပိုးမွှားပြဿနာများ
ကြုံနေရကြောင်း ပြောသည်။ တိုင်လုံးအခေါင်းပေါက်အချို့တွင် ကွန်ကရစ်များဖျော်
ထည့်ထားသည်ကို တွေ့ရပြီး မတူညီသော ဓာတ်ပစ္စည်းဖြစ်သောကြောင့် ပျက်စီးမှုပို
ဖြစ်စေကြောင်း၊ တိုင်ဟောင်းလဲလှယ်ရာတွင် တွင်းသစ်ထပ်တူးပါက တွင်းဧရိယာပို
ကျယ်သွားမည်ဖြစ်သည့်အတွက် တွင်းအသစ်မတူးသင့်ကြောင်း ပြောသည်။

စီမံကိန်းမန်နေဂျာ Mr. Karl Klelneberg က တံတားပြင်ဆင်ထိန်းသိမ်းရေးအတွက်
အဆင့်များခွဲခြားသတ်မှတ်ထားပြီး၊ ပထမဆုံးအနေဖြင့် အန္တရာယ်ဖြစ်စေနိုင်သောအပိုင်း
များကို အမြန်ဆုံးကာကွယ်ထိန်းသိမ်းမှုလုပ်ရန်လိုအပ်ကြောင်း၊ အစားထိုးထားသော
ကွန်ကရစ်တိုင်များကို ပြန်ဖယ်ရှားပြီး ကျွန်းတိုင်လုံးများ ပြန်ထည့်ရမည်ဖြစ်ကြောင်း၊
တိုင်လုံးအခေါင်းပေါက်များအတွင်း မိုးရေဝင်ပြီး တိုင်လုံးများပျက်စီးသဖြင့် တိုင်လုံးများ
ထိပ်တွင် အဖုံးဖုံးအုပ်သွားရန်လိုအပ်ကြောင်း မေလ ၁၂ ရက်နေ့က စည်ပင်သာယာရေး
ကော်မတီအစည်းအဝေးခန်းမတွင် ကျင်းပခဲ့သောအလုပ်ရုံဆွေးနွေးပွဲတွင် ပြောသည်။

၂ဝဝ၄ ခုနှစ်ရေကြီးချိန်က ဦးပိန်တံတားကြမ်းခင်းနစ်မြုပ်ခဲ့ပြီး တံတားတချို့ ရေထဲမြောပါ
ခဲ့ကာ၊ ပြီးခဲ့သော ၂ဝ၁၆ ခုနှစ် မိုးရာသီတွင်လည်း တံတားကြမ်းခင်းနစ်မြုပ်သည်အထိ
ရေကြီးခဲ့ပြီး လည်ပတ်သူများကို တံတားပေါ်တက်ခွင့် ယာယီပိတ်ပင်ခဲ့ရသည်။ ကြံ့ခိုင်မှု
အားနည်းလာပြီး တစ်နှစ်ထက်တစ်နှစ် ယိုယွင်းပျက်စီးလာသော ဦးပိန်တံတားကို
၂ဝ၁၄ ခုနှစ်တွင် တိုင်းဒေသကြီးအစိုးရ ခွင့်ပြုရန်ပုံငွေကျပ်သိန်း ၁၃ဝ ကျော်ဖြင့် ပြုပြင်ခဲ့ပြီး
နောက်ပိုင်းတွင်လဲ Myanmar Teakwood ကုမ္ပဏီမှ သစ်လုံးများ ပံ့ပိုးပေးကာ ပြင်ဆင်မှု
များရှိခဲ့သည်။

''ဦးပိန်တံတားကို သုတေသနပြုထားတဲ့ တွေ့ရှိချက်တွေကို ပြုစုပြီး စာအုပ်ထုတ်ထားဖို့
ရည်ရွယ်ထားပါတယ်။ ဒီတံတားမှာ ဘာရောဂါတွေရှိနေတယ်၊ ပြင်ဆင်ဖို့ ဘာတွေလိုအပ်
မယ်ဆိုတာတွေပါဝင်မယ်။ ကျွန်မတို့အဖွဲ့က မပြင်ဖြစ်ခဲ့ရင် တခြားပြင်ဆင်ချင်တဲ့ အဖွဲ့
တွေရှိလာခဲ့ရင် ကိုးကားအသုံးပြုလို့ ရအောင်လို့ပါ။ ဒီတံတားကို ဆောက်လုပ်ထားတဲ့
မြန်မာ့နည်းမြန်မာ့ဟန်ပညာရပ်က ကောင်းမွန်ပါတယ်''ဟု ဒေါက်တာဇာခြည်မင်းက
ပြောသည်။

တောင်သမန်အင်းကိုဖြတ်၍ တည်ရှိနေသော ဦးပိန်တံတားကို မြို့စာရေးဦးပိန်က
လွန်ခဲ့သောနှစ်ပေါင်း ၁၆ဝ ခန့်က တည်ဆောက်ခဲ့ကာ၊ တံတားအရှည် ရ. ၈ ဖာလုံရှိပြီး
ကျွန်းတိုင်လုံးပေါင်း ၁, ဝဝဝ ကျော် အသုံးပြုခဲ့သည်။



မြန်မာတစ်နိုင်ငံလုံးဆိုင်ရာ COVID-19 အချက်အလက်

ဖတ်ရှုမှုအများဆုံး