မန္တလေးခရိုင် ခုနစ်မြို့နယ်တွင် Youth Development Pilot Project အစီအစဉ်၏
ဘောလုံးအားကစားမြှင့်တင်ရေးစီမံကိန်း အဖြစ်ဇူလိုင်လထဲတွင် ကျောင်းသား ၃၁၅
ဦးကိုဘောလုံးအခြေခံ သင်တန်း ပေးမည်ဖြစ်ကြောင်းတိုင်းဘောလုံးဆပ်ကော်မတီ
ဥက္ကဌဒေါ်မေမြတ်နွယ်က မေလ ၁၆ ရက်နေ့ကပြောသည်။
"မန္တလေးတိုင်းအတွင်းမှာ အပျော်တမ်းအသင်းလေးတွေပေါ်ထွက်လာဖို့ ရည်ရွယ်တာပါ"ဟု
၄င်းက ပြောသည်။
မြို့နယ်တစ်မြို့နယ်လျှင် အသက် ၁၀ နှစ်နှင့် ၁၄ နှစ်ကြားရှိ ကျောင်းသား ၄၅ ဦးကို
ရွေးချယ်ကာ မြို့နယ်အလိုက် အားကစားကွင်း များတွင် တစ်ပတ်လျှင် သုံးရက်နှုန်းဖြင့်
သုံးလသင်တန်းပေးသွား မည်ဖြစ်သည်။
"မြို့နယ်တစ်မြို့နယ်စီမှာရှိတဲ့ကျောင်းတွေထဲက ဘောလုံးအားကစားကို အမှန်တကယ်
ခုံမင်နှစ်သက်တဲ့ကလေး ၃၁၅ယောက်ကို သက်ဆိုင်ရာ မြို့နယ် ပညာရေးမှူးတွေနဲ့
မြို့နယ်အားကစားဌာနကနေ ရွေးချယ်ပေးမှာပါ။ ကျောင်း တစ်ကျောင်းချင်းစီက
ကျောင်းသားတွေ အချိုးကျ ပါ၀င်နိုင်အောင် ကြိုးစားသွားမှာပါ"ဟု ဒေါ်မေမြတ်နွယ်က
ပြောသည်။ သင်တန်းကာလသုံးလအတွင်းတွင် ဘောလုံးအခြေခံသင်တန်းပေးခြင်းအပြင်
မြို့နယ်အလိုက်ပြိုင်ပွဲများကို အိမ်ကွင်း၊ အဝေးကွင်းပုံစံဖြင့် ပြိုင်ပွဲများကို
ပြုလုပ်ပေးသွားမည်ဖြစ်ကြောင်း ၄င်းက ပြောသည်။
"သင်တန်းပြီးသွားရင်လည်း ပြိုင်ပွဲတစ်ခုထပ်လုပ်ပေးပါ့မယ်။ အဲဒီပြိုင်ပွဲကနေ
တကယ်ဝါသနာပါ၊ တကယ်ထူးချွန်ပြီး စည်းကမ်းလိုက်နာတဲ့ကလေးအနည်းဆုံး
၃၀ လောက်ကို ရွေးချယ်ပြီး ထပ်မံပြုစုပျိုးထောင်ပေးသွားမှာပါ"ဟု ၄င်းက ပြောသည်။















