ပုဂံရှေးဟောင်းယဉ်ကျေးမှုဇုန်အတွင်းရှိ ဘုရားများကိုကွယ်နေသည့် ကြော်ငြာဆိုင်းဘုတ်
များကို ယခုဘဏ္ဍာနှစ်မှစတင်ကာ သက်တမ်းတိုးခွင့်ပိတ်ပင်သွားမည်ဖြစ်ကြောင်း
ညောင်ဦးခရိုင်အထွေထွေ အုပ်ချုပ်ရေးမှူး ဦးစိုးတင့်က ယခုလ ၁၈ရက်နေ့က ပြောသည်။
''ရှေးဟောင်းယဉ်ကျေးမှုဇုန်အတွင်းမှာရှိနေတဲ့ ကြော်ငြာဆိုင်းဘုတ်တစ်ချို့က ဘုရား
တွေကိုကွယ်နေတာမျိုးတွေရှိတယ်။ အဲဒီလို ဆိုင်းဘုတ်တွေကို ဒီဘဏ္ဍာနှစ်ကနေ
စတင်ပြီးတော့ သက်တမ်းတိုးတာမျိုးတွေကို ခွင့်ပြုတော့မှာ မဟုတ်ပါဘူး။ ဘုရားတွေနဲ့
လွတ်ကင်းတဲ့နေရာမျိုးတွေမှာသာ ကြော်ငြာဆိုင်းဘုတ်ထောင်ခွင့်ကို ခွင့်ပြုတာမျိုးတွေ
လုပ်ဆောင်ပေးသွားမယ်''ဟု ဦးစိုးတင့်က ပြောသည်။
လက်ရှိအချိန်တွင် ပုဂံ၊ ညောင်ဦးဒသအတွင်း၌ တရားဝင်စိုက်ထူထားသည့် ကြော်ငြာ
ဆိုင်းဘုတ်အရေအတွက်မှာ ၃ဝ၂ ခုရှိကြောင်းနှင့် အဆိုပါကြော်ငြာဆိုင်းဘုတ်များကို
၂ဝ၁၄ - ၂ဝ၁၅ ခုနှစ် ဘဏ္ဍာနှစ်မှစတင်ကာ ခွင့်ပြုပေးခဲ့သော်လည်း၊ လက်ရှိဘဏ္ဍာနှစ်မှ
စတင်ကာ ဘုရားမြင်ကွင်းများကို ကွယ်နေသည့် ဆိုင်းဘုတ်များနှင့် ယာဉ်လမ်းကြောများကို
ကွယ်နေသည့်ဆိုင်းဘုတ်များကို စီစစ်ပြီး သက်တမ်းတိုးခွင့်ပြုမည် မဟုတ်ကြောင်း
ဦးစိုးတင့်ထံမှသိရသည်။
အဆိုပါကြော်ငြာဆိုင်းဘုတ်များကို စီစစ်နိုင်ခြင်းများပြုလုပ်နိုင်ရန်အတွက် အဖွဲ့ဝင် ၁၅ ဦး
ပါသည့်စီစစ်ရေးအဖွဲ့ကို ယခုလအတွင်းက စတင်ဖွဲ့စည်းခဲ့ကြောင်းနှင့် အဆိုပါစီစစ်ရေး
အဖွဲ့အနေဖြင့် လုပ်ငန်းစဉ်များကို ယခုလအတွင်းမှစတင်ကာ လုပ်ဆောင်နိုင်မည်ဖြစ်
ကြောင်းဦးစိုးတင့်က ပြောသည်။
ထို့ပြင် တရားမဝင်ကြော်ငြာဆိုင်းဘုတ်များကိုလည်း အချိန်ကာလတစ်ခုသတ်မှတ်ပေး
ထားပြီး သတိပေးခြင်းများနှင့်ဖြုတ်သိမ်းခိုင်းခြင်းများကို လုပ်ဆောင်မည်ဖြစ်ကြောင်းနှင့်
တွေ့ရှိပါက စည်ပင်သာယာရေးဥပဒေအရ ဒဏ်ငွေဆောင်ခြင်းများလုပ်ဆောင်မည်ဖြစ်
ကြောင်း မန္တလေးတိုင်းဒေသကြီးစည်ပင်သာယာရေးဝန်ကြီးဌာနမှ ညွန်ကြားရေးမှူး
ဦးမင်းအောင်မြင့်စိုးက ပြောသည်။
''ပုဂံရှေးဟောင်းယဉ်ကျေးမှုဇုန်ထဲမှာ ဘုရားတွေကိုကွယ်နေတဲ့ ကြော်ငြာ်ဆိုင်းဘုတ်တွေက
အများကြီးရှိပါတယ်။ အဲဒါတွေက မသင့်တော်ပါဘူး။ အမြင်မတော်ပါဘူး။ မြန်မြန်
ဆောင်ရွက်တာ အကောင်းဆုံးဖြစ်ပါတယ်။ ဘုရားဖူးပြည်သူတွေက ဘုရားလာဖူးကြတာ
လေ။ ကြော်ငြာတွေက သူတို့လာဖူးတဲ့ဘုရားကို ကွယ်နေတာမျိုးဆိုရင် သူတိုစိတ်ထဲမှာ
ဝမ်းနည်းတာမျိုးတွေ ဖြစ်နိုင်တယ်လေ။ ဒါကြောင့် အမြန်ဆုံးဖယ်ရှားသင့်တာမျိုးတွေ
လုပ်ဆောင်သင့်ပါတယ်''ဟု ညောင်ဦးမြို့ခံ ဦးစိုးဝင်းက ပြောသည်။















