ယခုနှစ်သရက်သီးရာသီတွင် တရုတ်နိုင်ငံမှ မြန်မာ့သရက်သီးများကို တင်ပို့နိုင်သမျှဝယ်ယူ
နေကြောင်း မန္တလေးတိုင်းဒေသကြီး၊ သစ်သီးဝလံပန်းမန်နှင့် ဟင်းသီးဟင်းရွက်စိုက်ပျိုး
ထုတ်လုပ်တင်ပို့ရောင်းချသူများ အသင်းမှဥက္ကဌ ဦးနေလင်းမောင်မောင်က မေ ၂ဝ ရက်က
ပြောသည်။
''ဒီနှစ်တော့တရုတ်ဘက်က သရက်သီးတွေကိုတင်ပို့သလောက် ဝယ်ယူပေးပါတယ်။
စျေးကလဲ အမျိုးအစားအလိုက်စျေးပေးပါတယ်။ အရည်အသွေးကောင်းရင်ကောင်းသလို
စျေးတွေလဲရပါတယ်'' ဟု ၄င်းက ပြောသည်။
တရုတ်နိုင်ငံမှ ယခုနှစ်လျှင် စိန်တစ်လုံးတစ်ခြင်း ( ၁၅ သို့ ၁၆ ကီလို) လျှင် ယွမ် ၈ဝ ကနေ
၁၄ဝ ယွမ်အထိစျေးရကြောင်း၊ အရည်အသွေးကောင်းလျှင် ပိုမိုစျေးကောင်းရကြောင်း
ဦးနေလင်းမောင်မောင်က
ပြောသည်။
''စျေးကတော့ အတက်အကျပေါ့။ ပြီးခဲ့တဲ့ရက်ပိုင်းကတော့ စျေးနည်းနည်းကျသွားတယ်။
သရက်တောင်သူတွေ ခူးတာလဲစောစောသွားတယ်။ မိုးကြောက်တော့ခူးကြတာ။ စောပြီး
ခူးတော့ အသီးက နုသွားတော့ စျေးကျသွားတယ်။ အခုတော့ စျေးပြန်ရနေပါပြီ'' ဟု ၄င်းက
ပြောသည်။
ယခုနှစ်သရက်သီးရာသီတွင် မြန်မာ့သရက်များကို တရုတ်နိုင်ငံအပြင်၊ ဂျပန်နှင့်စင်ကာပူ
နိုင်ငံများကိုလည်း တင်ပို့ရောင်းချနိုင်ခဲ့ကြောင်း၊ တစ်နှစ်ထက်တစ်နှစ် အရည်အသွေး
ကောင်းမွန်အောင် လုပ်ဆောင်နေကြောင်း ဦးနေလင်းမောင်မောင်က ပြောသည်။
''နည်းပညာတွေကိုလဲ မိရိုးဖလာကနေ နိုင်ငံတကာနည်းပညာတွေနဲ့ စိုက်ပျိုးနေကြပါတယ်။
ထိုင်း၊ တရုတ်၊ ဂျပန်၊ ဂျာမနီနိုင်ငံတွေကလဲ နည်းပညာတွေပေးပါတယ်။ ဒီနှစ်တော့
သရက်သီးအရည်အသွေးတွေ တော်တော်လေးတိုးတက်ပြောင်းလဲလာပါတယ်။ ဂျပန်နဲ့
စင်ကာပူကိုလဲ ဒီနှစ်စပြီး ပို့ဆောင်နေပါပြီ'' ဟု ၄င်းက ပြောသည်။
နိုင်ငံတကာစျေးကွက်တွင် စိန်တစ်လုံးသရက်သီးသည်စျေးကောင်းရပြီး ကြိုက်နှစ်သက်မှု
လည်းများပြားကြောင်း၊ စိန်တစ်လုံးအပြင် ရွှေဟင်္သာ ၊ ရင်ကွဲအမျိုးအစားများလည်း
စျေးကောင်းရကြောင်း ဦးနေလင်းမောင်မောင်က ပြောသည်။
''ရွှေဟင်္သာကတော့ နှစ်တိုင်းစျေးပိုရတယ်။ စိန်တစ်လုံးတစ်ခြင်းကို ယွမ် ၁၂ဝ ဆိုရင်
ရွှေဟင်္သာက ယွမ် ၁၄ဝ လောက်အထိ ရပါတယ်။ ရွှေဟင်္သာက စိန်တစ်လုံးထက်
လူကြိုက်နည်းပေမယ့် နှစ်တိုင်းစျေးတော့ပိုရပါတယ်'' ဟု ၄င်းက ပြောသည်။
သရက်သီးများကိုဒေသအလိုက် ဇန်နဝါရီလတွင်စတင်အိတ်စွတ်ပြီး ဧပြီ၊ မေလများတွင်
သရက်သီးအမှည့်များ ရောင်းချနိုင်ကြောင်း၊ ယခုနှစ်သရက်သီးအမှည့်ရာသီတွင် ယခင်နှစ်
ထက် အထွက်နှုန်းလျှော့နည်းသွားကြောင်း ၄င်းက ပြောသည်။
















