မန္တလေးတိုင်းဒေသကြီးတွင် မိုးရာသီစိုက်ပျိုးစရိတ်ချေးငွေ ကျပ်သန်းပေါင်းတစ်သိန်းကျော်ချေးပေးရန် လျာထား

မန္တလေးတိုင်းဒေသကြီးတွင် မိုးရာသီစိုက်ပျိုးစရိတ်ချေးငွေ ကျပ်သန်းပေါင်းတစ်သိန်းကျော်ချေးပေးရန် လျာထား

မန္တလေးတိုင်းဒေသကြီးတွင် မိုးရာသီစိုက်ပျိုးစရိတ်ချေးငွေအတွက် ကျပ်သန်းပေါင်းတစ်သိန်း
ကျော်ချေးပေးရန်လျာထားကြောင်း မြန်မာ့လယ်ယာဖွံ့ဖြိုးရေးဘဏ် မန္တလေးတိုင်းဒေသကြီး
ဘဏ်ခွဲမန်နေဂျာဦးဝင်းမြင့်က ပြောသည်။

"မေလ ၂၃ ရက်နေ့က မန္တလေးတိုင်းအတွင်းမှာရှိတဲ့ ၂၃ မြို့နယ်လုံးမှာ တစ်ပြိုင်တည်း
အကုန်ချေးပေးတာပါ"ဟု ၄င်းက ပြောသည်။

ယင်းသို့ငွေထုတ်ချေးပေးနိုင်ရန် မြန်မာ့လယ်ဖွံ့ဖြိုးရေးဘဏ်ရုံးချုပ်မှ ရန်ပုံငွေကျပ်သိန်းပေါင်း
၆၄၅၅၀၀ ကနဦးရရှိပြီးဖြစ်ကြောင်းနှင့် နောက်ဆက်တွဲ ထပ်မံရွေ့ရရန်ရှိသေးကြောင်း
၄င်းက ပြောသည်။

မိုးရာသီစိုက်ပျိုးစရိတ်အတွက် လယ်တစ်ဧကလျှင် တစ်သိန်းခွဲကျပ်၊ အခြားသီးနှံ (မြေပဲ၊
နှမ်း၊ ပဲမျိုးစုံ၊ ချည်မျှင်ရှည်ဝါ၊ အစေ့ထုတ်ပြောင်း၊ ဆီမုန်ညင်း၊ ဂုန်လျှော်) တစ်ဧကလျှင်
ငါးသောင်းကျပ်၊ ချက်ကြံတစ်ဧကလျှင် တစ်သိန်းကျပ်ထုတ်ချေးပေးမည်ဖြစ်သည်။

"အခြားသီးနှံမှာ ထုတ်ချေးတဲ့နှုန်းထားက ပြောင်းသွားတယ်။ မနှစ်က တစ်ဧကနှစ်သောင်းပဲ
ချေးတာကနေ ဒီနှစ် ငါးသောင်းအထိ တိုးချေးပေးပါတယ်"ဟု ဦးဝင်းမြင့်က ပြောသည်။

ယင်းသို့ချေးငွေများတိုးမြင့်ချထားပေးခြင်းကြောင့် ထုတ်ချေးသည့်တောင်သူအရေအတွက်
မှာလည်း မနှစ်ကထက်ပိုများလာကြောင်း ၄င်းက ပြောသည်။

"အရင်တုန်းက မချေးတဲ့သူတွေက နှုန်းထားတိုးလို့ ငွေချေးချင်ကြောင်း တင်လာကြတယ်။
နောက်ပြီး ပုံစံ (၇) တွေရလာလို့ လူသစ်တွေတိုးလာတာတွေရှိတယ်"ဟု ၄င်းက ပြောသည်။

၂၀၁၆ ခုနှစ် မိုးရာသီစိုက်ပျိုးစရိတ်ချေးငွေတွင် တောင်သူ ၂၄၀၈၃၃ ဦးကို ကျပ်သန်းပေါင်း
၉၃၈၈၀.၁၁ ကျပ်ထုတ်ချေးပေးခဲ့ကြောင်း၊ ယခုနှစ်တွင်လည်း တောင်သူ ၂၄၀၀၀၀ ကျော်ကို
ကျပ်သန်းပေါင်း ၁၂၉၁၉၂.၃၅ ကျပ်ထုတ်ချေးပေးရန်လျာထားကြောင်း ၄င်းက ပြောသည်။

မိုးရာသီစိုက်ပျိုးစရိတ်ချေးငွေကို မေလမှစက်တင်ဘာလအထိထုတ်ချေးပေးပြီး ပြန်လည်
ပေးဆပ်ရန်နောက်ဆုံးသတ်မှတ်ရက်မှာ နောက်နှစ်ဧပြီလ ၁၅ ရက်နေ့ဖြစ်ကြောင်း၊
ထုတ်ချေးငွေအပေါ်တွင် ငွေကျပ်တစ်ရာလျှင် တစ်နှစ်ရှစ်ရာခိုင်နှုန်းအတိုးဖြင့်ကောက်ခံ
ကြောင်း၊ ပြန်လည်ပေးဆပ်ရန်နောက်ဆုံးသတ်မှက်ရက်ကျော်လွန်ပါက ကျသင့်သော
အတိုးအပြင် ကျော်လွန်သောကာလအတွက် ငွေကျပ်တစ်ရာလျှင် တစ်ကျပ်နှုန်းဖြင့်
ဒဏ်တိုးကောက်ခံကြောင်း မြန်မာ့လယ်ယာဖွံ့ဖြိုးရေး ဘဏ်အချက်အလက်များအရ
သိရသည်။



မြန်မာတစ်နိုင်ငံလုံးဆိုင်ရာ COVID-19 အချက်အလက်

ဖတ်ရှုမှုအများဆုံး