စိုက်ပျိုးရေးဖွံ့ဖြိုးတိုးတက်မှုမဟာဗျူဟာနှင့် ရင်းနှီးမြုပ်နှံမှုစီမံကိန်းအကောင်အထည်ဖေါ်ရာတွင်
စိုးရိမ်ရမည့်အချက်များရှိနေပြီးသိမ်းဆည်းခံလယ်ယာမြေပြသနာအားဦးစားပေးအဆင့်ဖြေရှင်းပေး
သင့်ကြောင်းမကွေးတိုင်းဒေသကြီးတောင်သူလယ်သမားသမဂ္ဂအကြံပေးဦးအောင်ကျော်ကျော်က
မေလ ၂၁ ရက်နေ့တွင်ပြောသည်။
စိုက်ပျိုးရေးဖွံ့ဖြိုးမှုမဟာဗျူဟာနှင့် ရင်းနှီးမြုပ်နှံမှုစီမံကိန်း(တတိယမူကြမ်း)မကွေးတိုင်းဒေသကြီး
တောင်သူလယ်သမားအကြိုတွေ့ဆုံဆွေးနွေးပွဲအားမကွေးမြို့တွင် ယခုလ၂၁ရက်နေ့တွင် ကျင်းပခဲ့ရာ
ထိုဆွေးနွေးပွဲတွင် ၎င်းကထိုကဲ့သို့ ပြောကြားခဲ့ခြင်းဖြစ်သည်။
မကွေးတိုင်းဒေသကြီးတွင်သိမ်းဆည်းခံလယ်ယာမြေဧကလေးသိန်းနီးပါရှိနေပြီး အစိုးရအနေဖြင့်
သိမ်းဆည်းခံလယ်ယာမြေပြသနာ၏၂၀ရာခိုင်နှုန်းခန့်သာဖြေရှင်းနိုင်ခဲ့ကြောင်း
မကွေးတိုင်းဒေသကြီးတောင်သူလယ်သမားသမဂ္ဂဘဏ္ဍာရေးမှုး ဦးညွန့်ဝင်းမှ ဆိုသည်။
“စိုက်ပျိုးရေးဆိုတာရေပေါ်တို့လေပေါ်တို့မှာစိုက်လို့ရတာမဟုတ်ဘူး၊လယ်ယာမြေတွေက
အောက်ခြေမှာတောင်သူတွေလက်ထဲပြန်ရောက်ဖို့လိုပါတယ်၊မြေယာပြသနာကိုအရင်ဖြေရှင်းမှ
မြေမရှိပဲစိုက်ပျိုးလို့မရဘူး”ဟုဦးညွန့်ဝင်းကပြောသည်။
စိုက်ပျိုးရေးဖွံ့ဖြိုးမှု မဟာဗျူဟာနှင့်ရင်းနှီးမြုပ်နှံမှုစီမံကိန်း(တတိယမူကြမ်း)တွင်
လုပ်ကွက်ငယ်တောင်သူများ ၀င်ငွေတိုးတက်ရေးအားဦးစားပေးဆောင်ရွက်မည်ဟုဖေါ်ပြ
ပါရှိသော်လည်းမကွေးတိုင်းအတွင်းလုပ်ကွက်ငယ်တောင်သူ၁၀ရာခိုင်နှုန်းသာရှိသည်ဟု
ဦးညွန့်ဝင်းမှဆိုသည်။
“မကွေးတိုင်းမှာမြေယာမဲ့တောင်သူနဲ့မြေယာချို့တဲ့တောင်သူပဲများတယ်၊နောက်တစ်ချက်က
မကွေးတိုင်းမှာရှိတဲ့လယ်ယာမြေကတောင်သူနဲ့အချိုးချရင်အင်မတန်နည်းပါတယ်၊မြေလွတ်
မြေရိုင်းတွေ ဖေါ်ပေးရမယ်”ဟု၄င်းကဆိုသည်။
မကွေးတိုင်းဒေသကြီးအတွင်းလယ်ယာမြေဧက၁၀ဧကအောက်ပိုင်ဆိုင်သည့်တောင်သူ ၈၀
ရာခိုင်နှုန်းရှိပြီး ၁ ဧကနှင့် ၆ ဧက အကြား ပိုင်ဆိုင်သည့်တောင်သူ၆၃ရာခိုင်နှုန်းရှိသည်ဟု
မကွေးတိုင်းဒေသကြီးတောင်သူလယ်သမားသမဂ္ဂအကြံပေးဦးအောင်ကျော်ကျော်ကပြောသည်။
ယခင်အစိုးရလက်ထက်တွင်အစိုးရနှင့်နီးစပ်သည့်လုပ်ငန်းရှင်များမှမြေလွတ်မြေရိုင်းများလျှောက်
ထားရယူမှုမြင့်မားခဲ့ပြီးမြန်မာနိုင်ငံတစ်ဝန်းလုံးတွင်မြေလွတ်မြေလပ်မြေရိုင်းဧက၂၃သိန်းအား
ကုမ္ပဏီများမှ သိမ်းယူခဲ့သည်ဟု ပြည်သူ့လွှတ်တော်သုတေသနရေးရာဌာန၏ စာရင်းများတွင်
ဖေါ်ပြထားချက်အား ကိုးကား၍ ဦးအောင်ကျော်ကျော်မှ ထောက်ပြသည်။















