အိမ်ခန်းပေါင်း ၁ဝ,ဝဝဝ ကျော် ပါဝင်သည့် မြို့ပြအိမ်ရာစီမံကိန်း ဖော်ဆောင်မည်

အိမ်ခန်းပေါင်း ၁ဝ,ဝဝဝ ကျော် ပါဝင်သည့် မြို့ပြအိမ်ရာစီမံကိန်း ဖော်ဆောင်မည်

 

ယခုဘဏ္ဍာနှစ်တွင် အိမ်ခန်းပေါင်း ၁ဝ,ဝဝဝ ကျော် ပါဝင်မည့် မြို့ပြအိမ်ရာ စီမံကိန်းကို
မန္တလေးတိုင်းဒေသကြီးတွင် မြို့ပြနှင့် အိမ်ရာဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနက
ဖော်ဆောင်သွားမည်ဖြစ်ကြောင်း တိုင်းဒေသကြီး မြို့ပြနှင့်အိမ်ရာဖွံ့ဖြိုးရေးဦးစီးဌာနမှ
ညွှန်ကြားရေးမှူးဦးအောင်ကျော်ဦးက ယခုလ ၂၂ ရက်တွင်ပြောသည်။

အဆိုပါစီမံကိန်းအတွက် ပြည်ထောင်စုအစိုးရအဖွဲ့နှင့် တိုင်းဒေသကြီးအစိုးရ
အဖွဲ့၏ သဘောတူခွင့်ပြုချက်ကို ရရှိထားပြီးဖြစ်ကာ လွှတ်တော်တွင်လည်း
ဘတ်ဂျက်ငွေခွင့်ပြုထားပြီးဖြစ်ကြောင်း ၄င်းက ပြောသည်။

ယင်းမြို့ပြအိမ်ရာ စီမံကိန်းဖော်ဆောင်ရန်အတွက် မြေနေရာကို သတ်မှတ်ရသေးခြင်း
မရှိသေးသော်လည်း ပုသိမ်ကြီးမြို့နယ်၊ ရေကြည်ကျေးရွာ ကွင်းအမှတ် ၅ဝ၇
ပေါ်ရှိလယ်ယာမြေဧက ၁၄၇ ဒသမ ၄ ဧကပေါ်တွင် ဖော်ဆောင်ရန်အတွက်
လျာထားကြောင်း၊ အသေးစိတ်စီမံချက်များ ရေးဆွဲထားပြီးဖြစ်ကာ တင်ဒါခေါ်ယူရန်သာ
ကျန်ရှိတော့သည့်အတွက် မြေနေရာ သတ်မှတ်ပြီးပါက ချက်ချင်းလုပ်ငန်းဆောင်ရွက်နိုင်မည့်
ဖြစ်ကြောင်းဦးအောင်ကျော်ဦးက ပြောသည်။

''အဓိကပြဿနာက မြေနေရာအခက်အခဲဖြစ်နေတာပါပဲ။ ဘယ်နေရာမှာ ဆောက်လုပ်မယ်ဆိုတာ
အသေးစိတ် ပြောလို့မရသေးဘူး။မြေနေရာသတ်မှတ်ပြီးတာနဲ့ တင်ဒါခေါ်ပြီး
လုပ်ငန်းစတင်လို့ ရပါတယ်။ အခန်းပေါင်း ၁ဝ,ဝဝဝ ကျော် ပါဝင်မယ်။ မြို့ပြစီမံကိန်းကို
ကျွန်တော်တို့က ရေးဆွဲပြီးတော့ တိုင်းအစိုးရအဖွဲ့ကို ဧပြီလကတည်းက တင်ပြထားတယ်။
ပုသိမ်ကြီးမြို့နယ်ထဲက မြေပေါ်မှာလျာထားတာပေါ့''ဟု ဦးအောင်ကျော်ဦးက ပြောသည်။

တိုင်းဒေသကြီးအစိုးရအဖွဲ့က စီမံကိန်းဖော်ဆောင်ရန်အတွက် စီမံခန့်ခွဲရေးနှင့်
မြေနေရာနယ်နိမိတ် တိုင်းတာရေးအဖွဲ့ကို ဧပြီလအတွင်းက သက်ဆိုင်ရာ လယ်ယာမြေ
စီမံခန့်ခွဲရေးအဖွဲ့အစည်းများ၊ လွှတ်တော်ကိုယ်စားလှယ်များဖြင့် ဖွဲ့စည်းပေးထားသည်။

လက်ရှိတွင် စီမံကိန်းဆောင်ရွက်ရန် လျာထားသည့် မြေနေရာကို ကွင်းဆင်းစစ်ဆေးခြင်း
လုပ်ငန်းများ ဆောင်ရွက်ထားခြင်းမရှိသေးကြောင်း၊ သက်ဆိုင်ရာအဖွဲ့ဝင်များ
အားလုံးစုံညီမှ စစ်ဆေးနိုင်မည်ဖြစ်ကြောင်းတိုင်းဒေသကြီး လယ်ယာမြေစီမံခန့်ခွဲရေးနှင့်
စာရင်းအင်းဦးစီးဌာနမှ တာဝန်ရှိသူက ပြောသည်။

အဆိုပါ မြို့ပြစီမံကိန်းတွင် လူနေတိုက်ခန်းများ၊ စာသင်ကျောင်း၊ စျေး၊
လူထုအပန်းဖြေပန်းခြံ၊ ဆေးခန်း၊ သာသနိက အဆောက်အအုံများ၊ မီးသတ်စခန်း၊
ရဲစခန်း၊ ရေဆိုးထုတ်မြောင်းများ၊ မီးနှင့်ရေရရှိရေးများ ဆောင်ရွက်မည်ဖြစ်သည်။

ယင်းတိုက်ခန်းများကို အစိုးရဝန်ထမ်းများ၊ အငြိမ်းစားဝန်ထမ်းများ၊ ပုဂ္ဂလိကဝန်ထမ်းများကို
ပြည်ထောင်စုအဆင့်က သတ်မှတ်ပေးထားသည့် နှုန်းထားများဖြင့် ရောင်းချသွားမည်ဖြစ်ကာ
အနည်းဆုံး တန်ဖိုးအားဖြင့် ကျပ် သိန်း ၉ဝ ဝန်းကျင်ခန့်ရှိကြောင်း၊တန်ဖိုးနည်း၊ တန်ဖိုးမျှ၊
အဆင့်မြင့်အိမ်ရာများ ပါဝင်မည်ဖြစ်ကြောင်း ဦးအောင်ကျော်ဦးက ပြောသည်။

''အစိုးရဝန်ထမ်းတွေ နှစ်စဉ်ကျွန်တော်တို့ဌာနကို အိမ်ခန်းလာရောက် လျှောက်ထားတာတွေ
ရှိတယ်။ တကယ်လို့ အိမ်ရာစီမံကိန်းဖော်ဆောင်နိုင်မယ်ဆိုရင် မန္တလေးကဝန်ထမ်း ၂ဝ
ရာခိုင်နှုန်းလောက်ရဲ့ အိမ်ရာလိုအပ်ချက်ကိုလည်း ဖြေရှင်းပေးရာရောက်ပါတယ်''ဟု
၄င်းက ပြောသည်။

တိုင်းဒေသကြီးမြို့ပြနှင့် အိမ်ရာဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနက ၂ဝ၁၅-၁၆
ဘဏ္ဍာနှစ်အတွင်းက အခန်းပေါင်း ၅၆ဝ ပါဝင်သည့် တန်ဖိုးမျှတ တိုက်ခန်းများကို
ဖော်ဆောင်ခဲ့ပြီး ဝန်ထမ်းများ၊ အငြိမ်းစားဝန်ထမ်းများ၊ ဝင်ငွေနည်း ပုဂ္ဂလိက
ဝန်ထမ်းများကို ရောင်းချပေးခဲ့သည်။



မြန်မာတစ်နိုင်ငံလုံးဆိုင်ရာ COVID-19 အချက်အလက်

ဖတ်ရှုမှုအများဆုံး