မန္တလေးတိုင်းဒေသကြီး၊ ပြင်ဦးလွင်မြို့နယ်တွင်း၌ ကော်ဖီ၊ ပိုးဇာ၊
နှစ်ရှည်စိုက်ပျိုးသီးနှံ စိုက်ပျိုးရန်အတွက်ဟုဆိုကာ သစ်တောမြေများကို
ယခင်ခေတ် အဆက်ဆက်က ပုဂ္ဂလိကမှ ရယူထားကြခြင်းများအတွက်
အမှန်တကယ်စိုက်ပျိုးနေမှုရှိ၊မရှိ လွှတ်တော်ကိုယ်စာလှယ် ၁၅ ဦးဖြင့် ဖွဲ့စည်း
ထားသည့် ကွင်းဆင်းစစ်ဆေး ရေးအဖွဲ့၏ မြေပြင်ကွင်းဆင်းစစ်ဆေးမှုများ
ယခုလ ၂၁ ရက်က ပြီးဆုံးခဲ့ပြီဖြစ်ကြောင်း အဆိုပါအဖွဲ့ထံမှ သိရသည်။
သစ်တောမြေစိစစ်ရေးအဖွဲ့မှ ရရှိလာသည့် အချက်အလက်များအတိုင်း
တိုင်းဒေသကြီးလွှတ်တော်မှတစ်ဆင့် ပြည်ထောင်စုအဆင့်ထိ တင်ပြခြင်းနှင့်အတူ
စိစစ်ရေးအဖွဲ့၏ သုံးသပ်ချက်သဘောထားများကိုပါ တင်ပြသွားမည်ဖြစ်ကြောင်း
အဆိုပါအဖွဲ့ ခေါင်းဆောင် လွှတ်တော်ကိုယ်စားလှယ်က ဆိုသည်။
''၂၁ ရက် တနင်္ဂနွေနေ့က မြေပြင်ကွင်းဆင်းစစ်ဆေးမှု ပြီးစီးခဲ့ကြပြီ၊ ၂၅/၂၆
ရက်မှာအဖွဲ့သားတွေ ပြန်ဆုံပြီး အစီရင်ခံစာရေးမယ်။လက်ရှိမြေပြင်မှာ
ဖြစ်ပေါ်နေတဲ့အတိုင်းမြ>ွခင်းမချန်ရေးပြီး တိုင်းဒေသကြီး အစိုးရအဖွဲ့ကို
တင်ပြသွားမယ်။ ကျွန်တော်တို့ လွှတ်တော်ကိုယ်စားလှယ် ၁၅ ယောက် အဖွဲ့မှာ
အဖွဲ့သုံးဖွဲ့ခွဲပြီး စစ်ဆေးကြတယ်။ အခု နောက်ဆုံးအပတ် စစ်ဆေးတဲ့အခါ
ကော်ဖီစိုက်မယ်ဆိုပြီး ရယူထားကြတဲ့ မြေတွေဟာ တစ်ခုမှစိုက်တာကို မတွေ့
ရသလောက်ပါပဲ'' ဟု စိစစ်ရေးအဖွဲ့ အဖွဲ့ဝင် ချမ်းမြသာစည်မြို့နယ် မဲဆန္ဒနယ်
အမှတ်(၂) မှ လွှတ်တော်ကိုယ်စားလှယ် ဦးမြင့်အောင်မိုးက ပြောသည်။
ကော်ဖီ၊ ပိုးဇာ၊ နှစ်ရှည်စိုက်ပျိုးသီးနှံ စိုက်ပျိုးရန်အတွက်ဟုဆိုကာ
သစ်တောမြေများကို ရယူထားကြရာမှာ စိုက်ပျိုးလုပ်ကိုင်ခြင်း မပြုဘဲ
ပြန်လည်ရောင်းချခြင်း၊ မြေလက်ဦး ရယူထားခြင်းများ၊ စိုက်ပျိုးမြေများအတွင်း
တိုက်တာ အိုးအိမ်များဆောက်ကာ နေထိုင်ခြင်းများပြုလုပ်နေကြသည်ကို စိစစ်
တွေ့ရှိနေရကြောင်း ၄င်းက ဆိုသည်။
၂ဝ၁၆ ခုနှစ်၊ စက်တင်ဘာ ၂၂ ရက်ကကျင်းပသည့် ဒုတိယအကြိမ် မန္တလေးတိုင်းဒေသကြီး
လွှတ်တော် တတိယပုံမှန် အစည်းအဝေး (တတိယနေ့) တွင် ပြင်ဦးလွင်မြို့နယ်၊
မဲဆန္ဒနယ်အမှတ် (၁) မှ ဦးအောင်မင်းက ''သစ်တောဦးစီးဌာနမှ သစ်တောမြေများကို
ကော်ဖီ၊ ပိုးဇာ၊ နှစ်ရှည်ပင် စိုက်ခင်း ဧကများ ဆောင်ရွက်ရန် အကြောင်းပြချက်ဖြင့်
ပုဂ္ဂလိကသို့ ဧကများစွာ ချထားပေးခဲ့ပြီးဥပဒေမဲ့အကွက်ရိုက်ရောင်းချခြင်း၊ လွှဲပြောင်း
ရောင်းချခြင်းများကို ထိရောက်စွာ အရေးယူဆောင်ရွက်ရန် တိုက်တွန်းကြောင်း''
အဆိုကို တင်သွင်းခဲ့ရာ လွှတ်တော်၏ သဘောထားကို ရယူပြီး လွှတ်တော်ကိုယ်စားလှယ်
၁၅ ဦးပါဝင်သည့် စိစစ်ရေးအဖွဲ့ကိုဖွဲ့ကာ စိစစ်ခြင်းမှ ယခုကဲ့သို့ စာရင်းအချက်အလက်များ
ရခဲ့ကြခြင်းဖြစ်သည်။
ပြင်ဦးလွင်မြို့နယ် လွှတ်တော်ကိုယ်စားလှယ် ဦးအောင်မင်း၏ အဆိုအောင်မြင်ပြီးသည့်
အချိန်မှ စတင်၍ စိစစ်ရေးအဖွဲ့ ဖွဲ့ကာမြေပြင်ကွင်းဆင်း စစ်ဆေးမှုများပြုလုပ်ခဲ့ရာမှာ
အချိန်သုံးလခန့် ယူကာ စိစစ်မှုများ လုပ်ဆောင်ခဲ့ပြီး ပြင်ဦးလွင်ခရိုင်အတွင်းရှိ
မတ္တရာမြို့နယ်အတွင်းကိုပါ စစ်ဆေးမှုများကို ဆက်လက် လုပ်ဆောင်သွားရအုံးမည်
ဖြစ်ကြောင်း စိစစ်ရေးအဖွဲ့ဝင် ပြည်ကြီးတံခွန်မြို့နယ် မဲဆန္ဒနယ် အမှတ် (၂) လွှတ်တော်
ကိုယ်စားလှယ် ဦးဇော်မောင်(ခ) ဦးဇော်မောင်မောင်က ဆိုသည်။
''ကျွန်တော်တို့အဖွဲ့ စစ်ဆေးခဲ့တာအချိန်သုံးလထိကြာခဲ့ပြီ။ ယခင် အစိုးရထိပ်တန်း
ရာထူးကြီးကြီးမားမား ရှိတဲ့သူတွေက မြေရယူထားကြတာကို တွေ့ရတယ်။
အကွက်ရိုက် ရောင်းထားကြတာများ မနည်းပါဘူး။ ဒါတွေကို လုပ်ထုံးလုပ်နည်းနဲ့
မှန်မှန်ကန်ကန်လုပ်ဆောင်ပြီး အမှန်တကယ် စိုက်ပျိုးလုပ်ကိုင်တဲ့ တောင်သူတွေကိုသာ
လုပ်ကိုင်ခွင့်ရမယ်ဆိုရင် စိုက်ပျိုးရေးဖွံ့ဖြိုးမှု အားကောင်းလာမှာ ဖြစ်သလို
နိုင်ငံတော်ရဲ့ ဝင်ငွေတွေလည်း တိုးလာမှာသေချာပါတယ်'' ဟု ဦးဇော်မောင်က
ဆိုသည်။
အဆိုပါ အဖွဲ့ဝင် ၁၅ ဦးကို အဖွဲ့သုံးဖွဲ့ခွဲကာ ကော်ဖီစိုက်ခင် စိစစ်ရေးအဖွဲ့၊
ပိုးဇာနှင့် နှစ်ရှည်ကျွန်းပင် စိုက်ခင်းစိစစ်ရေးအဖွဲ့ဟု ခွဲကာ စိစစ်ခြင်းများ
ပြုလုပ်ခဲ့ရာ စိစစ်ဆဲအချိန်အတွင်းမှ လုပ်ငန်းရှင်အချို့က စတင်စိုက်ပျိုးခြင်းများကို
လုပ်ဆောင်လာကြခြင်းများလည်း ရှိနေကြောင်း စိစစ်ရေးအဖွဲ့ခေါင်းဆောင်
ပြင်ဦးလွင်မြို့နယ် လွှတ်တော်ကိုယ်စားလှယ်ဦးအောင်မင်းက ဆိုသည်။















