မန္တလေးမြို့ရှိ မနောကြာဖြူ ပရဟိတအသင်းနှင့် ပန်းပျိုးသူ ပရဟိတအသင်းတို့ ပူးပေါင်း၍
တန်ဖိုးသင့် ညစာကို ယခုလလယ်မှ စတင်၍ ရောင်းချနေရာ အားပေးသူ အများအ
ပြားရှိနေကြောင်းနှင့် ရေရှည်ရပ်တည် ရောင်းချနိုင်ရန် ကြိုးပမ်းသွားမည်ဖြစ်ကြောင်း
မနောကြာဖြူပရဟိတအသင်းမှ ဦးခင်စိုးက ပြောသည်။
အခြေခံလူတန်းစားများ အဆင်ပြေစေရန် အဓိက ရည်ရွယ်ရောင်းချသော
အဆိုပါတန်ဖိုးသင့်ညစာမှာ လူတစ်ယောက်စာ ထမင်းနှင့် ဝက်သားဟင်းတုံး တစ်တုံး၊
ဘာလချောင်ကြော်နှင့် ပဲကုလားဟင်း ပါဝင်သော ညစာတစ်ပွဲကို ကျပ် ၃ဝဝ၊
အသားဟင်းမပါပါက ကျပ် ၂ဝဝ နှင့် ရောင်းချပေးခြင်းဖြစ်ကာ စတင်စဉ်က
အခက်အခဲများ တွေ့ခဲ့ရသော်လည်း ယခုအခါ အဆင်ပြေ အောင်မြင်နေကြောင်း
ဦးခင်စိုးက ပြောသည်။
''ဒီတန်ဖိုးသင့်ညစာကို မေ ၁၆ ရက်က စရောင်းပါတယ်။ ပထမဆုံးရက်က စိတ်ပင်ပန်း
လူပင်ပန်း အရမ်းဖြစ်ခဲ့ရတယ်။ ဒါပေမဲ့ အခု အောင်မြင်အောင် လုပ်နိုင်ခဲ့တဲ့ပီတိကို
ဘာနဲ့မှ မလဲနိုင်ပါဘူး။ ဒီအလုပ်ကိုရပ်ပါလို့ လာပြောတောင် လက်မခံချင်တော့ဘူး။
ပံ့ပိုးပေးတဲ့သူက အပင်လေးပေါက်လာအောင် လုပ်ပေးပြီးသွားပြီ။ ဒါကို
ကျွန်တော်တို့က ရာသက်ပန် ရှင်သန်အောင်လုပ်ပေးသွားရမှာ။ ဒါမှ သူ့စေတနာကို
အသိအမှတ်ပြုရာရောက်မှာပါ''ဟု ဦးခင်စိုးက ယခုလ ၂၃ ရက်တွင် ပြောသည်။
ယခုအစီအစဉ်ဖြစ်မြောက်ရန် ပန်းပျိုးသူ ပရဟိတအဖွဲ့မှ ငွေကြေးအင်အား
ပံ့ပိုးပေးခဲ့ကြောင်း၊ မနောကြာဖြူအသင်းမှာ မြို့သစ်အရှေ့ဖျား ၅၃ လမ်းနှင့်
ကျန်စစ်သားလမ်းထောင့်တွင် တည်ရှိပြီး အဆိုပါနေရာမှာ ချမ်းမြသာစည်မြို့နယ်
အဆုံးနှင့်ပြည်ကြီးတံခွန်မြို့နယ်အစတွင် ရှိရာမြို့နယ် နှစ်မြို့နယ်စလုံးမှ အခြေခံ
လူတန်းစားများအတွက် ဖြည့်ဆည်းပေးနိုင်မည်ဖြစ်ကြောင်း ပြောသည်။
''စရောင်းချိန်က အယောက် ၃ဝဝ စာလောက် ကုန်ပါတယ်။ အခုလက်ရှိ
လူ ၄ဝဝ စာ လောက်အထိ တိုးရောင်းနေရပြီ။ ဟင်းကိုလည်း ကြက်မြစ်ကြက်သည်း၊
ငါးစသဖြင့် ပြောင်းပေးဖို့ အစီအစဉ်ရှိပါတယ်။ဒါပေမဲ့ လိုအပ်ချက်မီအောင်တော့
မရောင်းပေးနိုင်သေးပါဘူး။ လက်ရှိလုပ်နေတာကို ခိုင်မာအောင် အရင်လုပ်သွားမယ်။
ပြီးမှတောင်းဆိုမှုများတဲ့အလျောက် ခွဲရောင်းပေးဖို့ စိတ်ကူးထားပါတယ်''ဟု
ဦးခင်စိုးက ပြောသည်။
ပန်းပျိုးသူပရဟိတအဖွဲ့မှ ကိုမျိုးကြီးက ယခုအစီအစဉ်မျိုး အကောင်အထည်ဖော်
လိုသော်လည်း လူအင်အားလိုအပ်ချက်မှာ စဉ်းစားစရာဖြစ်နေခဲ့ကြောင်း ပြောသည်။
''မနောကြာဖြူအသင်းနဲ့ တိုင်ပင်ပြီး သူ့လူတွေကို ခေါ်လာတော့ တစ်ထိုင်တည်း
ဆုံးဖြတ်ပြီး လုပ်ဖြစ်သွားတာပါ။ အခုကို ဒီအတွက် လူအင်အားက ၁၅ ယောက်လောက်
သုံးရပါတယ်။ စစချင်းရက်မှာ လက်ဆမမှန် စနစ်မကျသေးတော့ ကျပ် ၅ဝ,ဝဝဝ လောက်
ရှုံးပါတယ်။ အခုတော့ကျပ် ၂ဝ,ဝဝဝ လောက် အမြတ်ကျန်တယ်။ဒီလို အမြတ်ကိုလည်း
ဟင်းအတွက်ပိုကောင်းအောင် သုံးတာ၊ ပရဟိတလုပ်ငန်းမှာ လိုအပ်တာ သုံးတာမျိုး
အသုံးချသွားမှာပါ''ဟု ကိုမျိုးကြီးက ပြောသည်။
လက်ရှိတွင် ရောင်းချရာ၌ တစ်ယောက်စာထုပ်ပိုးထားသော ထမင်းနှင့် ဟင်း၊
ပဲကုလားဟင်းရည်တို့ကို လိုက်ထရပ်ကားပေါ်တင်ကာ ညနေ ၅ နာရီမှ စတင်၍
မနောကြာဖြူအသင်းတည်ရှိရာ တစ်ဝိုက်မြို့နယ်များ၏ လမ်းများတစ်လျောက်
ရပ်နားလျက် ရောင်းချသွားခြင်းဖြစ်ပြီး ရပ်ကွက်များအတွင်း နေထိုင်သူများသာမက
နေရာအသီးသီးမှ လုပ်ငန်းခွင်ပြန်လာသူများမှလည်း ဝယ်ယူကြသည်။
''ကျွန်တော်တို့ အခုလုပ်တဲ့ပုံစံမျိုးကို တခြားအသင်းအဖွဲ့တွေ နမူနာယူပြီး
သက်ဆိုင်ရာ ရပ်ကွက်လေးတွေမှာ လုပ်စေချင်ပါတယ်။ အဓိကက လုပ်အားစိုက်ထုတ်
ပေးဖို့လိုတာပါပဲ။ တကယ်လုပ်ရင် ဖြစ်ပါတယ်။ကျွန်တော်တို့ အကျိုးပြုနိုင်တာက
လက်တစ်ကမ်းပဲ ရှိသေးတယ်''ဟု ဦးခင်စိုးက ပြောသည်။
















