သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းစောင့်ရှောက်ရေးအတွက် 'စစ်ကိုင်း စိမ်းလန်း' အဖွဲ့ စတင်ဖွဲ့စည်း

သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းစောင့်ရှောက်ရေးအတွက် 'စစ်ကိုင်း စိမ်းလန်း' အဖွဲ့ စတင်ဖွဲ့စည်း

စစ်ကိုင်းတိုင်းဒေသကြီးအတွင်း အရိပ်ရအပင်များ စိုက်ပျိုးရေးနှင့် သဘာဝပတ်ဝန်းကျင်
ကာကွယ်စောင့်ရှောက်ရေးတို့အတွက် 'စစ်ကိုင်းစိမ်းလန်း' အမည်ရှိ သဘာဝပတ်ဝန်းကျင်
စောင့်ရှောက်ရေးအဖွဲ့ကို ယခုလ ၂ဝ ရက်က စတင် ဖွဲ့စည်းခဲ့ကြောင်း စစ်ကိုင်းမြို့တော်
ဖွံ့ဖြိုးတိုးတက်ရေးအဖွဲ့ထံမှ သိရသည်။

'စိမ်းလန်းပြင်ဦးလွင်' အဖွဲ့၏ ပံ့ပိုးကူညီ ဆောင်ရွက်ပေးမှုများကြောင်း ယခုကဲ့သို့
'စစ်ကိုင်းစိမ်းလန်း' အဖွဲ့ ဖွဲ့စည်းနိုင်ခြင်းဖြစ်ပြီး ပူးပေါင်းကာ သဘာဝပတ်ဝန်းကျင်
ကာကွယ်စောင့်ရှောက်ခြင်းလုပ်ငန်းများကို လုပ်ကိုင်ဆောင်ရွက်သွားမည်ဖြစ်ကြောင်း
စစ်ကိုင်းမြို့တော်ဖွံ့ဖြိုးတိုးတက်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးဇော်ဝင်းအောင်က ဆိုသည်။

''စိမ်းလန်းပြင်ဦးလွင်အဖွဲ့ လုပ်နေတဲ့ လုပ်ရပ်တွေကို သဘောကျလို့ အခု
စစ်ကိုင်းစိမ်းလန်းဆိုပြီး ဖွဲ့ကြတယ်။ စစ်ကိုင်းမှာက တက္ကသိုလ်ကြီးငါးခုရှိတယ်။
ဖွင့်တာ မကြာကြသေးဘူးဆိုတော့ အရိပ်ရအပင်တွေ နည်းနေတယ်။ အဲဒီတက္ကသိုလ်တွေ
ထဲမှာ အရပ်ရအပင်တွေ စိုက်မယ်။ ပြည်ထောင်စု တိုင်းရင်းသားလူငယ်များ စွမ်းအင်ဖွံ့ဖြိုးရေး
ဒီဂရီကောလိပ်မှာ ကျောင်းအုပ်ကြီးရဲ့ တောင်းဆိုချက်အရ အရိပ်ရအပင်တွေအပြင်
ကျွန်းပင်တွေကိုပါ စိုက်ပျိုးသွားမယ်။ စစ်ကိုင်းမြို့ပေါ်မှာကို လမ်းတွေကချဲ့တဲ့အတွက်
အရိပ်ရသစ်ပင်တွေတော်တော်များများ ခုတ်လိုက်ရတယ်။ အဲဒီနေရာမှာ
အရိပ်ရအပင်တွေ စိုက်မယ်ဆိုပြီး တိုင်းဒေသကြီး စည်ပင်သာယာနဲ့ ညှိနှိုင်းထားတာ
ရှိပါတယ်။ ကိုယ်ဒေသနဲ့ ကိုက်ညီတဲ့ အပင်တွေကို စိုက်ပျိုးသွားမယ်။
စစ်ကိုင်းကျေးရွာတွေမှာ သစ်တောတွေပြုန်းတီးတာတွေ ရှိတယ်။ဒေသခံတွေ
အနေနဲ့ ပြန်စိုက်ဖို့အတွက်လည်း မတတ်နိုင်ကြတော့ အဲဒီလို နေရာဒေသတွေကို
သွားရောက်စိုက်ပျိုးမယ်။ သစ်တောထိန်းသိမ်းတဲ့ နည်းစနစ်တွေကို ပညာရှင်တွေနဲ့
ပညာပေးဖို့ ရှိပါတယ်။စစ်ကိုင်းစိမ်းလန်းအဖွဲ့က စစ်ကိုင်းမြို့တော်ဖွံ့ဖြိုးတိုးတက်ရေးအဖွဲ့ရဲ့
အောက်က ကော်မတီတစ်ရပ်အနေနဲ့ လုပ်ဆောင်သွားမှာပါ '' ဟု ဦးဇော်ဝင်းအောင်က
မြန်မာတိုင်း(မ်) ကို ပြောသည်။

စစ်ကိုင်းစိမ်းလန်းအဖွဲ့ ၏ ရည်ရွယ်ချက်များ အကောင်အထည်ဖော် ဆောင်ရွက်နိုင်ရန်
အတွက် သစ်တောကျောင်းအုပ်ကြီး(ငြိမ်း) တစ်ဦးဖြစ်သည့် ဦးမြမှဦးဆောင်ကာ
လုပ်ဆောင်သွားမည်ဖြစ်ပြီး စစ်ကိုင်း မြို့တော်ဖွံ့ဖြိုးတိုးတက်ရေးအဖွဲ့ လပတ်
အစည်းအဝေးများတွင် အသင်းအဖွဲ့ပုံစံမျိုးဖြင့် ဖွဲ့စည်းသွားမည်ဖြစ်ပြီး
သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းကာကွယ်စောင့်ရှောက်မှု နည်းစနစ် မှန်ကန်စေရန်
ပညာရှင်များ ဖိတ်ခေါ်ကာ အဖွဲ့ဝင်များကို သင်တန်းများ ပို့ချမည်ဖြစ်ကြောင်း ၄င်းက
ဆိုသည်။



မြန်မာတစ်နိုင်ငံလုံးဆိုင်ရာ COVID-19 အချက်အလက်

ဖတ်ရှုမှုအများဆုံး