ပုဂံရှေးဟောင်း ယဉ်ကျေးမှုဇုန်အတွင်းရှိဘုရားများကို ကွယ်နေသည့်
ကြော်ငြာဆိုင်းဘုတ်များကို ယခုဘဏ္ဍာနှစ်မှ စတင်၍ သက်တမ်းတိုးခွင့်ပိတ်ပင်
သွားမည်ဖြစ်ကြောင်း ညောင်ဦးခရိုင် အထွေထွေအုပ်ချုပ်ရေးမှူးဦးစိုးတင့်က
ယခုလ ၁၈ ရက်က ပြောသည်။
''ရှေးဟောင်းယဉ်ကျေးမှုဇုန်အတွင်းမှာ ရှိနေတဲ့ ကြော်ငြာဆိုင်းဘုတ်တချို့က
ဘုရားတွေကို ကွယ်နေတာမျိုးတွေ ရှိတယ်။ အဲဒီလိုဆိုင်းဘုတ်တွေကို ဒီဘဏ္ဍာနှစ်ကနေ
စတင်ပြီးတော့ သက်တမ်းတိုးတာမျိုးတွေကို ခွင့်ပြုတော့မှာမဟုတ်ပါဘူး။ ဘုရားတွေနဲ့
လွတ်ကင်းတဲ့ နေရာမျိုးတွေမှာသာ ကြော်ငြာဆိုင်းဘုတ်ထောင်ခွင့်ကို ခွင့်ပြုတာမျိုးတွေ
လုပ်ဆောင်ပေးသွားမယ်''ဟု ဦးစိုးတင့်က ဆိုသည်။
လက်ရှိအချိန်တွင် ပုဂံ၊ ညောင်ဦး ဒေသအတွင်း၌ တရားဝင် စိုက်ထူထားသည့်
ကြော်ငြာဆိုင်းဘုတ်အရေအတွက်မှာ ၃ဝ၂ ခုရှိကြောင်းနှင့် အဆိုပါကြော်ငြာ
ဆိုင်းဘုတ်များကို၂ဝ၁၄၁၅ ခုနှစ် ဘဏ္ဍာနှစ်မှ စတင်ကာ ခွင့်ပြုပေးခဲ့သော်လည်း၊
လက်ရှိဘဏ္ဍာနှစ်မှစတင်ကာ ဘုရားမြင်ကွင်းများကို ကွယ်နေသည့် ဆိုင်းဘုတ်များနှင့်
ယာဉ်လမ်းကြောများကို ကွယ်နေသည့် ဆိုင်းဘုတ်များကို စိစစ်ပြီး သက်တမ်း
တိုးခွင့်ပြုမည် မဟုတ်ကြောင်း ၄င်းက ပြောသည်။
အဆိုပါ ကြော်ငြာဆိုင်းဘုတ်များကို စိစစ််ခြင်းများပြုလုပ်နိုင်ရန်အတွက် အဖွဲ့ဝင်
၁၅ ဦးပါသည့် စိစစ်ရေးအဖွဲ့ကို ယခုလအတွင်းကစတင်ဖွဲ့စည်းခဲ့ကြောင်းနှင့်
အဆိုပါ စိစစ်ရေးအဖွဲ့အနေဖြင့် လုပ်ငန်းစဉ်များကို ယခုလအတွင်းမှ စတင်ကာ
လုပ်ဆောင်နိုင်မည်ဖြစ်ကြောင်း ဦးစိုးတင့်က ပြောသည်။
ထို့ပြင် တရားမဝင် ကြော်ငြာဆိုင်းဘုတ်များကိုလည်း အချိန်ကာလတစ်ခု
သတ်မှတ်ပေးထားပြီး သတိပေးခြင်းများနှင့် ဖြုတ်သိမ်းခိုင်းခြင်းများကို
လုပ်ဆောင်မည်ဖြစ်ကြောင်းနှင့် တွေ့ရှိပါက စည်ပင်သာယာရေးဥပဒေအရ
ဒဏ်ငွေဆောင်ခြင်းများလုပ်ဆောင်မည်ဖြစ်ကြောင်း မန္တလေးတိုင်းဒေသကြီး
စည်ပင်သာယာရေးဝန်ကြီးဌာနမှ ညွှန်ကြားရေးမှူး ဦးမင်းအောင်မြင့်စိုးက
ပြောသည်။
''ပုဂံရှေးဟောင်းယဉ်ကျေးမှုဇုန်ထဲမှာ ဘုရားတွေကို ကွယ်နေတဲ့ ကြော်ငြာ
ဆိုင်းဘုတ်တွေက အများကြီး ရှိပါတယ်။ အဲဒါတွေက မသင့်တော်ပါဘူး။
မြန်မြန်ဆောင်ရွက်တာအကောင်းဆုံးဖြစ်ပါတယ်''ဟု ညောင်ဦးမြို့ခံ
ဦးစိုးဝင်းက ပြောသည်။















