လမ်းပေါ်နေကလေးများ ပပျောက်ရေးစီမံချက် ဒုတိယအဆင့် စတင်မည်

လမ်းပေါ်နေကလေးများ ပပျောက်ရေးစီမံချက် ဒုတိယအဆင့် စတင်မည်

 

မန္တလေးတိုင်းဒေသကြီး လူမှုဝန်ထမ်းဦးစီးဌာနက လမ်းပေါ်နေကလေးများ
ပပျောက်ရေးလုပ်ငန်းစဉ် ဒုတိယအဆင့်ကို လာမည့် ဇွန်လအတွင်း စတင်
သွားမည်ဖြစ်ပြီး လူငယ်ပရဟိတအဖွဲ့များ၏ အင်အားကိုလည်း ရယူ
လုပ်ဆောင်သွားရန် ရည်ရွယ်ထားကြောင်း အဆိုပါဌာနမှ ဦးစီးအရာရှိ
ဒေါ်နန်းမောက်ဆိုင်းက ပြောသည်။

စီမံချက်အတွက် ရန်ပုံငွေရရှိရန်နှင့် ကျွမ်းကျင်ဝန်ထမ်းများ၏ လုပ်အားရရှိရန်မှာ
အရေးကြီးနေကြောင်း၊ စီမံချက် ဒုတိယအဆင့်တွင် လမ်းပေါ်နေကလေးများ
ကာကွယ်စောင့်ရှောက်ရန်နှင့် လူမှု အသိုင်းအဝိုင်းအတွင်း ပြန်လည်ရောက်
ရှိစေရန် ရည်ရွယ်ချက်ထား လုပ်ဆောင်သွားမည်ဖြစ်ကြောင်း ဒေါ်နန်းမောက်ဆိုင်းက
ပြောသည်။

''လမ်းပေါ်နေကလေး ပပျောက်ရေးစီမံချက်အတွက် ရန်ပုံငွေကို ပြည်ထောင်စု
ဘတ်ဂျက်ကနေ တင်ပြတောင်းခံသွားဖို့ တွက်ချက်နေပါတယ်။ လမ်းပေါ်နေ
ကလေးတွေကို လမ်းပေါ်နေဘဝကနေ ပပျောက်သွားဖို့သာမက သူတို့ရဲ့ ပညာရေး၊
အသက်မွေးဝမ်းကျောင်း၊ မိသားစု ပြန်လည်ပေါင်းစည်းရေးကဏ္ဍတွေအတွက်ပါ
ထည့်တွက်ချက် လုပ်ဆောင်ဖို့ လိုအပ်ပါတယ်။ စီမံချက် ဒုတိယအဆင့် စတင်တဲ့
အခါမှာ လူငယ်အဖွဲ့တွေရဲ့ အင်အားရဖို့ ကြိုးစားကြည့်ပါမယ်။ သူတို့ပါလာရင်
လိုအပ်တဲ့ လေ့ကျင့်သင်ကြားမှုတွေလည်း ပေးသွားမယ်'' ဟု ဒေါ်နန်းမောက်ဆိုင်းက
ယခုလ ၂၂ ရက်တွင် ပြောသည်။

လမ်းပေါ်နေကလေးများ ပပျောက်ရေးအတွက် ၂ဝ၁၆ ခုနှစ်၊ မေလအတွင်း
မန္တလေးမြို့စည်ပင်သာယာနယ်နိမိတ် မြို့နယ် ခြောက်မြို့နယ်အတွင်း
အသက် ၁၂ နှစ်မှ ၁၈ နှစ်အတွင်းရှိ ကလေးငယ်များကို စစ်တမ်းကောက်ခဲ့သည်။
ဇွန်လတွင် လူမှုဝန်ထမ်း၊ ရဲ၊အမျိုးသမီးရေးရာ၊ အစိုးရမဟုတ်သော အဖွဲ့အစည်းများ
ပါဝင်လျက် အလုပ်ရုံဆွေးနွေးပွဲကျင်းပခဲ့ကာ ပညာပေးဆွေးနွေးခြင်း၊
ပြန်လည်ပေါင်းစည်းခြင်းနှင့် ပြန်လည်ထူထောင်ခြင်း၊ အသက်မွေးဝမ်းကျောင်းပညာနှင့်
အလုပ်အကိုင်ရစေရန် ဆောင်ရွက်ခြင်းစသော အဆင့်များအထိ အကောင်အထည်
ဖော်ရန် အစီအစဉ်ဆွဲခဲ့သည်။

''ဒီနှစ်ဆန်းပိုင်းမှာ ပထမအဆင့်အနေနဲ့ လုပ်ဆောင်ပြီးစီးခဲ့တဲ့ ပညာပေးလုပ်ငန်းစဉ်မှာ
လမ်းပေါ်နေကလေးတွေနဲ့ နီးနီးကပ်ကပ်ထိတွေ့လုပ်ဆောင်နိုင်ခဲ့ပါတယ်။
ရပ်ကွက်တွေထဲအထိ ဆင်းလိုက်တော့ သူတို့ကိုဘယ်လိုကိုင်တွယ်သင့်လဲ
ဆိုတာလည်း ပိုသိလာရတယ်။ ဒီနေရာမှာ ကလေးငယ်တွေကို နောက်ကွယ်က
ခိုင်းစေတဲ့သူတွေကို ထိထိရောက်ရောက် အရေးယူနိုင်ဖို့တော့ လိုနေပါသေးတယ်''ဟု
ဒေါ်နန်းမောက်ဆိုင်းက ဆိုသည်။

လမ်းပေါ်နေကလေးငယ်များ ကိစ္စတွင် သက်ဆိုင်ရာဌာနများအားလုံး ပူးပေါင်း
ဆောင်ရွက်ရန် လိုအပ်ကြောင်း၊ ၄င်းတို့ကို ဖမ်းဆီးပါက လူအများမှ အမြင်မကြည်လင်မှု
ရှိပြီး ဖမ်းဆီးရာတွင်လည်း ရပ်ကွက်များအတွင်း ဝင်ပြေးမှုများရှိပြီး အခက်အခဲများ
ကြံုတွေ့ရတတ်ကြောင်း၊ အဆိုပါ ကလေးများကို တွေ့ပါက သက်ဆိုင်ရာ
ရပ်ကွက်ကျေးရွာ တာဝန်ရှိသူများမှလည်း ပူးပေါင်းပါဝင်ထိန်းသိမ်းပေးသင့်ကြောင်း
စည်ပင်သာယာ၊ သန့်ရှင်းရေးဌာနမှ ဌာနခွဲမှူး ဦးစိုးတင့်အောင်က ယခုလ ၁၃ ရက်က
ပြုလုပ်ခဲ့သော မန္တလေးတိုင်းဒေသကြီး ကလေးသူငယ်အခွင့်အရေးများဆိုင်ရာ
ကော်မတီနှင့် သက်ငယ်မုဒိမ်းဆိုင်ရာ တုံ့ပြန်မှု၊ အခြားနည်းဖြင့် ပြုစုစောင့်ရှောက်ခြင်း
ဆိုင်ရာ နည်းလမ်းများဖြင့် ပြုစုစောင့်ရှောက်ခြင်းလုပ်ငန်း ညှိနှိုင်းအစည်းအဝေးတွင်
ဆွေးနွေးပြောကြားသည်။



မြန်မာတစ်နိုင်ငံလုံးဆိုင်ရာ COVID-19 အချက်အလက်

ဖတ်ရှုမှုအများဆုံး