အိမ်ခြံမြေ အရောင်းအဝယ်ပြုလုပ်ရာမှာ ဝယ်ယူသူတွေက လတ်တလော
ငွေသက်သာဖို့တစ်ခုသာကြည့်ပြီး အရောင်းအဝယ်စာချုပ်ကို အပြီးသတ်
ချုပ်ဆိုခြင်းမပြုတာမျိုးကို ရှောင်ရှားပြီး ပိုင်ဆိုင်မှုကို အပြီးသတ်ခိုင်မာအောင်
လုပ်ဆောင်သင့်ကြောင်း အတွေ့အကြံုရင့်ကျက်တဲ့ အိမ်ခြံမြေအကျိုးဆောင်တချို့က
ပြောပါတယ်။
အိမ်ခြံမြေ အရောင်းအဝယ်ပြုလုပ်ရာမှာ ပေးဆောင်ရမယ့် လတ်တလော
အခွန်နှုန်းထား သတ်မှတ်ချက်က မြင့်မားတာရယ်၊ တိုင်းဒေသကြီး အစိုးရက
သတ်မှတ်ပေးထားတဲ့ရာဖြတ်နှုန်းထားတွေက များပြားတာရယ်ကြောင့် အခွန်နှုန်း
ထားဟာ ဝယ်ယူမယ့်သူတွေအတွက် ခေါင်းခဲစရာကိစ္စတစ်ခု ဖြစ်နေပါတယ်။
ဒီအခြေအနေကို ရှောင်ရှားလိုသူတချို့ဟာ အရောင်းအဝယ်ပြုလုပ်ရာမှာ စာချုပ်ကို
အပြီးသတ် လွှဲပြောင်းမချုပ်ဆိုတော့ဘဲ အထွေထွေ ကိုယ်စားလှယ်လွှဲစာနဲ့ လွှဲယူဖို့ပဲ
ဦးစားပေး စဉ်းစားကြတာ များလာတယ်လို့ အကျိုးဆောင်တချို့က ပြောပါတယ်။
၂ဝ၁၆ အခွန်အကောက်ဥပဒေအရ ဝင်ငွေရလမ်း မပြနိုင်ရင် အိမ်မြေတန်ဖိုး
တစ်ကျပ်ကနေ ကျပ်သိန်း ၃ဝဝ အထိ ၁၅ ရာခိုင်နှုန်း၊ကျပ်သိန်း ၃ဝဝ ကနေ ကျပ်သိန်း
၁,ဝဝဝ အထိ၂ဝ ရာခိုင်နှုန်း၊ ကျပ်သိန်း ၁,ဝဝဝ နဲ့ အထက်ကို ၃ဝ ရာခိုင်နှုန်းပေးဆောင်ဖို့
သတ်မှတ်ထားပါတယ်။
ဒီအခွန်နှုန်းထား သတ်မှတ်ချက်အရ အိမ်ခြံမြေတန်ဖိုး မြင့်မားလေလေ၊ ပေးဆောင်ရမယ့်
အခွန်နှုန်းထားက ပိုများလေလေဖြစ်မှာပါ။ ဒါပေမဲ့ အခွန်ကိုရှောင်ချင်လို့ အိမ်မြေကို
အပြီးလွှဲပြောင်းယူထားတာမျိုး မလုပ်ရင် အခန့်မသင့်လို့ ပေါ်ပေါက်လာနိုင်တဲ့
ပိုင်ဆိုင်မှု အငြင်းပွားတဲ့ ပြဿနာမျိုးက ပိုဖြေရှင်းရခက်ခဲတတ်ပါတယ်။ ဒီနေရာမှာ
အိမ်မြေကို နေထိုင်ဖို့အတွက်မဟုတ်ဘဲ သင့်တင့်တဲ့ အကျိုးအမြတ်ရရင် ပြန်ရောင်းချဖို့
စိတ်ကူးနဲ့ ဝယ်ယူကြတဲ့ ဝယ်ရောင်းတွေက စာချုပ်စာတမ်းကိုအပြီးသတ် ချုပ်ဆိုကြတာမျိုး
လုပ်လေ့မရှိလို့အိမ်မြေပိုင်ဆိုင်မှုနဲ့ သက်ဆိုင်တဲ့ စာရွက်စာတမ်း အထောက်
အထားတွေကို စေ့စေ့စပ်စပ် စစ်ဆေးကြရလေ့ ရှိပါတယ်။
စာရွက်စာတမ်းအတု ကိစ္စဆိုတာကလည်း ရံဖန်ရံခါ ကြားရလေ့ရှိတာကြောင့်
လုပ်ငန်းကျွမ်းကျင်တဲ့သူတွေတောင် ဂရုစိုက်လုပ်ဆောင်နေရတဲ့အချိန်မှာ အကျွမ်းတဝင်
မရှိသူတွေက တတ်ကျွမ်းနားလည်တဲ့အိမ်ခြံမြေ အကျိုးဆောင်တွေရဲ့ အကူအညီကိုမဖြစ်မနေ
ရယူသင့်တယ်လို့ အကျိုးဆောင်တချို့က အကြံပြုပါတယ်။ စာရွက်စာတမ်းကိစ္စအပြင်
ခြံဝင်းအလွတ်တွေမှာ ကျူးကျော်ဝင်ရောက်နေထိုင်သူတွေ ရှိနေတဲ့ ပြဿနာ၊ကျူးကျော်တွေက
ရတဲ့စျေးနဲ့ ရောင်းတာကိုစျေးသက်သာတာ ကြိုက်တဲ့သူတွေကဝယ်ကြပြီး နောက်ပိုင်းမှ
ပြဿနာတွေ ကြံုကြရတာမျိုးလည်း ရှိတာကြောင့် အိမ်ခြံမြေအရောင်းအဝယ်လုပ်ရာမှာ
လုံးဝ မပေါ့ဆသင့်ကြောင်း ကျွမ်းကျင်သူတွေက အကြံပြုကြပါတယ်။
















