ဦးပိန်တံတားကို စီမံချက်ဖြင့် မပြင်ဆင်မီ အဆောတလျင် ပြု ပြင်ရမည့် အပိုင်းများ ရှိနေ

ဦးပိန်တံတားကို စီမံချက်ဖြင့် မပြင်ဆင်မီ အဆောတလျင် ပြု ပြင်ရမည့် အပိုင်းများ ရှိနေ

မန္တလေးမြို့၊ အမရပူရမြို့နယ်ရှိ ထင်ရှားသော ဦးပိန်တံတားကို သုံးနှစ်စီမံချက်ဖြင့်
ပြင်ဆင်ထိန်းသိမ်းရန် စီစဉ်နေသော်လည်း အဆိုပါစီမံချက်မတိုင်မီ ဦးပိန်တံတားသို့
လာရောက်လည်ပတ်သူများ အန္တရာယ်ကင်းရှင်းရန် အဆောတလျင် ပြုပြင်ရမည့်
အပိုင်းများရှိနေကြောင်း နည်းပညာတက္ကသိုလ်(မန္တလေး) ပါမောက္ခ ဒေါက်တာ
ဇာခြည်မင်းက ပြောသည်။

ဂျာမနီနိုင်ငံက နည်းပညာကျွမ်းကျင်ပညာရှင်များပါဝင်သော စီမံကိန်းအဖွဲ့နှင့်
ဦးပိန်တံတား၏ ပျက်စီးယိုယွင်းနေသည့် အားနည်းချက်များကို ယခုလ ၈ ရက်က
ငါးရက်ကြာ လုပ်ဆောင်ခဲ့ကြောင်း၊ စီမံကိန်းလုပ်ဆောင်ရန် ရန်ပုံငွေ၊ သစ်သားနှင့်
လုပ်သား လိုအပ်ချက်များ ရှိကြောင်း၊ လိုအပ်ချက်များကို တိုင်းဒေသကြီးအစိုးရအဖွဲ့ထံသို့
တင်ပြကာ ပြင်ဆင်ထိန်းသိမ်းမှုကို ၂ဝ၁၈ ခုနှစ်မှ စ၍သုံးနှစ်အတွင်း လုပ်ဆောင်ရန်
လျာထားကြောင်း၊ သို့ရာတွင် အဆိုပါကာလမတိုင်မီတံတားကြ့ံခိုင်မှုအတွက် ဦးစွာ
အလျင်အမြန်လုပ်ဆောင်ရမည့် အပိုင်းများရှိနေကြောင်းစီမံကိန်းအဖွဲ့ခေါင်းဆောင်
ဒေါက်တာဇာခြည်မင်းက ပြောသည်။

''လက်ရှိတံတားမှာ တိုင်အသစ်တွေအစားထိုးဖို့ တူးထားတဲ့တွင်းတွေက လာမယ့်
မိုးရာသီမှာ တည်ငြိမ်မှုမရှိနိုင်တာကြောင့်ဒီတွင်းတွေကို သေသေချာချာပြန်ဖို့ထားဖို့
လိုပါတယ်။ ပြီးတော့ ထောင့်ချိုးတိုင်နေရာတွေမှာ ကြမ်းခင်းတွေအနေအထားက
မျက်နှာပြင်မညီဘူး၊ တိုင်လုံးတွေနဲ့ ရက်မတွေရဲ့ ချိတ်ဆက်ထားမှုက အာမခံချက်
သိပ်မရှိဘူး။ ဒါတွေကို ကျွန်မတို့ စီမံချက်မစခင် မိုးရာသီမရောက်မီမှာ သွားလာ
လည်ပတ်သူတွေ အန္တရာယ်ကင်းအောင်အမြန်ဆုံး အရင်လုပ်ဆောင်ထားသင့်ပါတယ်။
ရှေးဟောင်းဦးစီးဌာနက တာဝန်ရှိသူတွေကိုလည်း တင်ပြထားတယ်။ သူတို့လည်း
လုပ်မယ်လို့ ပြောပါတယ်'' ဟု ဒေါက်တာဇာခြည်မင်းက ယခုလ ၁၈ ရက်တွင်ပြောသည်။

လက်ရှိတွင် တံတားတိုင်လုံး အတော်များများမှာ အလယ်မှ အောက်ပိုင်းအထိ
အခေါင်းပေါက်များဖြစ်နေပြီး တိုင်များအတွင်း မိုးရေဝင်ခြင်းနှင့် အင်းဆက်ပိုးမွှားပြဿနာများ
ကြံုနေရကြောင်း ပြောသည်။ တိုင်လုံးအခေါင်းပေါက်အချို့တွင် ကွန်ကရစ်များ
ဖျော်ထည့်ထားသည်ကို တွေ့ရပြီး မတူညီသော ဓာတ်ပစ္စည်းဖြစ်သောကြောင့်
ပျက်စီးမှု ပိုဖြစ်စေကြောင်း၊ တိုင်ဟောင်းလဲလှယ်ရာတွင် တွင်းသစ်ထပ်တူးပါက
တွင်းဧရိယာပိုကျယ်သွားမည်ဖြစ်သဖြင့် တွင်းအသစ်မတူးသင့်ကြောင်း ပြောသည်။

စီမံကိန်းမန်နေဂျာ Mr. Karl Klelneberg က တံတားပြင်ဆင်ထိန်းသိမ်းရေးအတွက်
အဆင့်များ ခွဲခြားသတ်မှတ်ထားပြီးပထမဆုံးအနေဖြင့် အန္တရာယ်ဖြစ်စေနိုင်သော
အပိုင်းများကို အမြန်ဆုံးကာကွယ်ထိန်းသိမ်းမှုလုပ်ရန် လိုအပ်ကြောင်း၊ အစားထိုး
ထားသော ကွန်ကရစ်တိုင်များကို ပြန်ဖယ်ရှားပြီး ကျွန်းတိုင်လုံးများ ပြန်ထည့်
ရမည်ဖြစ်ကြောင်း၊ တိုင်လုံးအခေါင်းပေါက်များအတွင်း မိုးရေဝင်ပြီး တိုင်လုံးများ
ပျက်စီးသဖြင့် တိုင်လုံးများထိပ်တွင် အဖုံးဖုံးအုပ်သွားရန် လိုအပ်ကြောင်း
မေ ၁၂ ရက်က စည်ပင်သာယာရေးကော်မတီ အစည်းအဝေးခန်းမတွင်
ကျင်းပခဲ့သော အလုပ်ရုံဆွေးနွေးပွဲတွင်ပြောသည်။

၂ဝဝ၄ ခုနှစ် ရေကြီးချိန်က ဦးပိန်တံတားကြမ်းခင်း နစ်မြုပ်ခဲ့ပြီး တံတားတိုင်
အချို့ရေထဲမြောပါခဲ့ရာ၊ ပြီးခဲ့သော ၂ဝ၁၆ ခုနှစ်မိုးရာသီတွင်လည်း တံတားကြမ်းခင်း
နစ်မြုပ်သည်အထိ ရေကြီးခဲ့ပြီး လည်ပတ်သူများကိုတံတားပေါ်တက်ခွင့် ယာယီ
ပိတ်ပင်ခဲ့ရသည်။ကြံ့ခိုင်မှုအားနည်းလာပြီး တစ်နှစ်ထက် တစ်နှစ် ယိုယွင်းပျက်စီး
လာသော ဦးပိန်တံတားကို ၂ဝ၁၄ ခုနှစ်တွင် တိုင်းဒေသကြီးအစိုးရ ခွင့်ပြုရန်ပုံငွေ
ကျပ်သိန်း ၁၃ဝ ကျော်ဖြင့်ပြုပြင်ခဲ့ပြီး နောက်ပိုင်းတွင်လည်း Myanmar Teakwood
ကုမ္ပဏီက သစ်လုံးများ ပံ့ပိုးပေးကာ ပြင်ဆင်မှုများရှိခဲ့သည်။

''ဦးပိန်တံတားကို သုတေသနပြုထားတဲ့တွေ့ရှိချက်တွေကို ပြုစုပြီး စာအုပ်ထုတ်ထားဖို့
ရည်ရွယ်ထားပါတယ်။ ဒီတံတားမှာ ဘာရောဂါတွေ ရှိနေတယ်၊ ပြင်ဆင်ဖို့
ဘာတွေလိုအပ်မယ်ဆိုတာတွေ ပါဝင်မယ်။ ကျွန်မတို့အဖွဲ့က မပြင်ဖြစ်ခဲ့ရင် တခြား
ပြင်ဆင်ချင်တဲ့အဖွဲ့တွေ ရှိလာခဲ့ရင် ကိုးကားအသုံးပြုလို့ရအောင်လို့ပါ။ ဒီတံတားကို
ဆောက်လုပ်ထားတဲ့ မြန်မာ့နည်း မြန်မာ့ဟန် ပညာရပ်ကကောင်းမွန်ပါတယ်''ဟု
ဒေါက်တာဇာခြည်မင်းက ပြောသည်။

တောင်သမန်အင်းကို ဖြတ်၍ တည်ရှိနေသော ဦးပိန်တံတားကို မြို့စာရေးဦးပိန်က
လွန်ခဲ့သော နှစ်ပေါင်း ၁၆ဝ ခန့်က တည်ဆောက်ခဲ့ကာ တံတားအရှည် ရ ဒသမ
၈ ဖာလုံရှိပြီး ကျွန်းတိုင်လုံးပေါင်း ၁,ဝဝဝ ကျော် အသုံးပြုခဲ့သည်။



မြန်မာတစ်နိုင်ငံလုံးဆိုင်ရာ COVID-19 အချက်အလက်

ဖတ်ရှုမှုအများဆုံး