မန္တလေးစက်မှုဇုန်၊ ကနောင်ခန်းမတွင် မန္တလေးစက်မှုဇုန် စီမံခန့်ခွဲရေးကော်မတီနှင့်
ငွေပင်လယ်မီဒီယာတို့ ပူးပေါင်းကာ နိုင်ငံတကာစက်ပစ္စည်းနှင့် စက်မှုလုပ်ငန်းပြပွဲ
၂ဝ၁၇ ကို မေ ၂၃ ရက်မှ ၂၅ ရက်အထိ ကျင်းပခဲ့သည်။
''ဒီပွဲက စျေးရောင်းပွဲတော်ပုံစံမျိုးမဟုတ်ဘူး။ နည်းပညာဆိုင်ရာ ပြပွဲပုံစံမျိုးပါ။
အဓိကရည်ရွယ်ချက်ကတော့ စက်မှုဇုန်မှာရှိတဲ့ လုပ်ငန်းရှင်တွေကို နည်းပညာနဲ့
ပတ်သက်တာတွေ၊ စက်ပစ္စည်းနဲ့ ပတ်သက်တာတွေရင်းနှီးအောင်ပါ''ဟု
မန္တလေးစက်မှုဇုန် စီမံခန့်ခွဲရေးကော်မတီ တွဲဖက်အတွင်းရေးမှူး(၁)
ဦးရဲဝင်းအောင်က ပြောသည်။
အဆိုပါပြပွဲတွင် ဂျာမနီ၊ ဆွစ်ဇာလန်၊ ဘယ်လ်ဂျီယံ၊ တူရကီ၊ တရုတ်၊ ထိုင်ဝမ်၊ စင်ကာပူ၊
ထိုင်းနိုင်ငံတို့မှ စက်ပစ္စည်းများနှင့် မန္တလေးစက်မှုဇုန်ထုတ် ကုန်ပစ္စည်းများကို
ပြသခဲ့သည်။
''ပြခန်းက ရ၆ ခန်းပါတယ်။ ပြည်တွင်းလုပ်ငန်းရှင် ၃ဝ ကျော်နဲ့ နိုင်ငံခြားကုမ္ပဏီ၄ဝ
ကျော်က ပါဝင်ပြသတာပါ'' ဟု ငွေပင်လယ်မီဒီယာမှ ပြပွဲစီစဉ်သူ ဦးဇာနည်တင်မြင့်က
ပြောသည်။
အဆိုပါပြပွဲသို့ မန္တလေးမြို့ပေါ်နှင့် အနီးဝန်းကျင်ရှိ စက်မှုသင်တန်းကျောင်းများ၊
နည်းပညာတက္ကသိုလ်များမှ ကျောင်းသား၊ကျောင်းသူများ၊ အထက်မြန်မာပြည်ရှိ
စက်မှုဇုန်များမှ လုပ်ငန်းရှင်များကို လာရောက်လေ့လာရန် ဖိတ်ကြားခဲ့ကြောင်း
ဦးရဲဝင်းအောင်က ပြောသည်။
နိုင်ငံတကာစက်ပစ္စည်းနှင့် စက်မှုလုပ်ငန်းပြပွဲအပြင် ပြည်တွင်းထုတ်ကုန်ပစ္စည်းပြိုင်ပွဲ
ကိုလည်း ကျင်းပခဲ့ကြောင်း၊ စက်ပစ္စည်းပြိုင်ပွဲ၊ လျှပ်စစ်နှင့် အီလက်ထရွန်းနစ်ပြိုင်ပွဲ၊
မော်တော်ယာဉ် အပိုပစ္စည်းပြိုင်ပွဲ၊ စားသောက်ကုန်ပြိုင်ပွဲ၊ လူသုံးကုန်ပြိုင်ပွဲစသည့်
ပြိုင်ပွဲအမျိုးအစား လေးမျိုးရှိကြောင်း ၄င်းက ပြောသည်။
''ဝင်ပြိုင်တဲ့ပစ္စည်းက ပြည်တွင်းထုတ်ဖြစ်ရမယ်။ ရာနှုန်းပြည့် နိုင်ငံသားပိုင် ဖြစ်ရမယ်။
တည်ဆဲဥပဒေနဲ့ အညီ ထုတ်လုပ်တာဖြစ်ရမယ်။ ပြည်ပနည်းပညာအထောက်အပံ့နဲ့
မှီငြမ်းမှုရှိရင်လည်း ဘာကြောင့်ယူရတယ်ဆိုတာ တင်ပြရပါမယ်။ ပြိုင်ပွဲကျင်းပရေး
ကော်မတီက စစ်ဆေးပြီး ပြိုင်ပွဲအမျိုးအစားအလိုက် ဆုပေးတာပါ''ဟု ၄င်းက
ပြောသည်။















