စစ်ကိုင်းတိုင်းဒေသကြီးအစိုးရအဖွဲ့က စိုက်ပျိုးမြေမရှိသောတောင်သူများကို မေလဒုတိယ
ပတ်မှစတင်ကာ လယ်ယာမြေများ အခမဲ့ပေးအပ်လျက်ရှိကြောင်း စီမံကိန်းနှင့်ဘဏ္ဍာရေး
ဝန်ကြီးဦးစိုးဦးက မေလ ၂၈ ရက်နေ့က ပြောသည်။
''အလကားဖြစ်နေတဲ့ပလပ်မြေတွေကို စိုက်ပျိုးမြေအဖြစ်ဖော်ထုတ်ပြီး မြေတကယ်မရှိတဲ့
တောင်သူတွေကို ပေးတာပါ။ တောင်သူတစ်ယောက်ကို အနည်းဆုံး နှစ်ဧကပေးတယ်။
ရည်ရွယ်ချက်က အလုပ်အကိုင်အခွင့်အလမ်း ဖန်တီးပေးတာပါ''ဟု ၄င်းက ပြောသည်။
စစ်ကိုင်းတိုင်းဒေသကြီးအစိုးရအဖွဲ့ရန်ပုံငွေ ကျပ်သန်း ၅ဝဝ ဖြင့် ရေဦးမြို့နယ်တွင် ဧက
၂ဝဝ၊ ဖောင်းပြင်မြို့နယ်တွင် ဧက ၂ဝဝ၊ ကသာမြို့နယ်တွင် ဧက ၂ဝဝ၊ ဟုမ္မလင်းမြို့နယ်
တွင် ၃၇၅ ဧက၊ စုစုပေါင်း ၉၇၅ ဧကကို ဖော်ထုတ်ပေးအပ်ခြင်းဖြစ်ကြောင်း ၄င်းက
ပြောသည်။
''ဟုမ္မလင်း၊ ဖောင်းပြင်၊ ကသာမှာတော့ အကုန်ပေးပြီးပြီ။ ရေဦးမြို့နယ်မှာပဲ ပေးဖို့ကျန်
တော့တယ်။ ဇွန်လ ၅ ရက်နေ့လောက်ပေးဖြစ်မယ်''ဟု ၄င်းက ပြောသည်။
ဒေသခံတောင်သူများအား လယ်ယာမြေများကို အပိုင်ပေးအပ်ခြင်းဖြစ်ပြီး ပထမအဆင့်တွင်
ပုံစံ(၇) ထုတ်မပေးသေးဘဲ ယာယီလုပ်ကိုင်စားသောက်ခွင့်လက်မှတ်ပုံစံ(၃) သာ
ထုတ်ပေးထားကြောင်း ၄င်းက ပြောသည်။
''တောင်သူတွေအနေနဲ့ ရောင်းမစားရဘူး။ ပေါင်မစားရဘူး။ လွှဲပြောင်းမှုမလုပ်ရဘူး။
တစ်နှစ်၊ နှစ်နှစ်လောက်လုပ်ပြီးရင် ပုံစံ(၇) ထုတ်ပေးမှာ။ ဒါပေမယ့် သတ်မှတ်စည်းကမ်းနဲ့
မညီရင် ပြန်သိမ်းမှာ။ သိမ်းပြီး တကယ်လုပ်ကိုင်စားသောက်တဲ့သူကိုပဲ ပြန်ပေးမှာ''ဟု
၄င်းက ပြောသည်။
ယခုကဲ့သို့လယ်ယာမြေများ ဖော်ထုတ်ပေးအပ်ခြင်းဖြင့် နိုင်ငံတော်တွင် ဂျီဒီပီတက်လာနိုင်
ကြောင်း၊ နောက်နှစ်တွင်လည်း လယ်ယာမြေ ဧကတစ်ထောင်နီးပါးဖော်ထုတ် ပေးအပ်ဦး
မည်ဖြစ်ကြောင်း ၄င်းက ပြောသည်။















