မကွေးတိုင်းဒေသကြီးအတွင်း သိမ်းဆည်းခံလယ်ယာမြေ အရှုပ်ထွေးများ ဖြေရှင်းမှုအား
ကိုင်တွယ်ဖြေရှင်းရန် တိုင်းဒေသကြီးဝန်ကြီးချုပ်၊ အစိုးရအဖွဲ့အပါအဝင် မည်သူတစ်ဦးတစ်ယောက်ကိုမျှ
ငွေကြေးတစုံတရာ ပေးအပ်ရန် မလိုကြောင်း ၀န်ကြီးချုပ် ဒေါက်တာအောင်မိုးညိုက ယခုလ
၂၉ ရက်နေ့တွင် ပြောကြားသည်။
မကွေးမြို့တွင် ကျင်းပသည့် သိမ်းဆည်းမြေ ပြန်လည်စီစစ်ရေး လုပ်ငန်းဆောင်ရွက်မှုဆိုင်ရာ
စွမ်းဆောင်ရည်များမြှင့်တင်ခြင်း အလုပ်ရုံဆွေးနွေးပွဲ၏ အဖွင့်မိန့်ခွန်းပြောကြားရာတွင် ၀န်ကြီးချုပ်က
ထည့်သွင်းပြောဆိုလိုက်ခြင်းဖြစ်သည်။
“တိုင်းဒေသကြီးအစိုးရအနေနဲ့ လယ်သမား၊ ယာသမားတွေ နစ်နာမှု မရှိအောင် ကိုယ်စွမ်းဉာဏ်စွမ်း
ရှိသ၍ ဆောင်ရွက်နေပါတယ်၊ ဒီလိုဆောင်ရွက်တဲ့နေရာမှာ အစိုးရဆုံးဖြတ်တဲ့ အဆင့်ရောက်အောင်
ဘယ်လောက်ပေးရမယ် ဘယ်၍ပေးရမယ်ဆိုတာမျိုးတွေက ကြားနေရတယ်၊ ကျွန်တော်တို့
ငါးပြားတစ်စိမှ မယူဘူး”ဟု ၀န်ကြီးချုပ် ဒေါက်တာအောင်မိုးညိုက ပြောသည်။
တိုင်းဒေသကြီးအစိုးရအဖွဲ့အနေဖြင့် သိမ်းဆည်းခံလယ်ယာမြေအရေးနှင့် ပတ်သက်၍ ဖြေရှင်းမှုများ
လုပ်ဆောင်နေပြီး ထိုသို့ဖြေရှင်းဆောင်ရွက်မှုများဖြင့် ပတ်သက်၍ အစိုးရအဖွဲ့အပါအဝင်
လုပ်ပိုင်ခွင့်အာဏာရရှိသူ မည်သူကမျှ ငွေကြေးတစုံတရာ လက်ခံသွားမည် မဟုတ်ဟု
၀န်ကြီးချုပ်က ဆိုသည်။
သိမ်းဆည်းခံလယ်ယာမြေအရေး ဖြေရှင်းမှုများ ပြုလုပ်ရန်အတွက် နစ်နာသူများမှ ၄င်းတို့၏
လယ်ယာမြေအရေးအား ဦးစားပေးဆုံးဖြတ်ပေးရန် သို့မဟုတ် အစိုးရနှင့် နီးစပ်သူများမှတဆင့်
၀န်ကြီးချုပ်အား တွေ့ဆုံခွင့်ရရန် ငွေကြေးပေးရမည်ဟူသည့် ကောလဟာလအချို့ ယခုနှစ်ဆန်းပိုင်းက
ထွက်ပေါ်ခဲ့သည်။
















