ဆိုင်ကယ်ဖြင့် လှည်းကင်းဆောင်ရွက်ရာမှ သေဆုံးဒဏ်ရာရရှိသူများအား ဂရုဏာထောက်ပံ့ကြေး ပေးအပ်

ဆိုင်ကယ်ဖြင့် လှည်းကင်းဆောင်ရွက်ရာမှ သေဆုံးဒဏ်ရာရရှိသူများအား ဂရုဏာထောက်ပံ့ကြေး ပေးအပ်

မန္တလေးမြို့ ချမ်းမြသာစည်မြို့နယ်တွင် ဆိုင်ကယ်ဖြင့်ညဉ့်နက်လှည့်ကင်းဆောင်ရွက်ရာမှ
သေဆုံးဒဏ်ရာရရှိသူများကို မြန်မာနိုင်ငံရဲတပ်ဖွဲ့နှင့် ပြည်သူများက မေလ ၂၉
ရက်နေ့တွင် ဂရုဏာထောက်ပံ့ကြေးပေးအပ်ခဲ့ကြောင်း တိုင်းရဲတပ်ဖွဲ့မှူးရုံးမှ
သိရသည်။

"တာဝန်ထမ်းဆောင်ရင်း သေဆုံးဒဏ်ရာရရှိတဲ့အတွက် ဂရုဏာကြေး
ပေးတာပါ။ ရဲတပ်ဖွဲ့ဝင်တွေရော အရပ်သားတွေရောကိုပါ ပေးတာပါ"ဟု ရဲမှူးကြီး
တင်ဇော်ထွန်းက မေလ ၂၉ ရက်နေ့က ပြောသည်။ မေလ ၂၃ ရက်နေ့ နံနက် ၁ နာရီ
အချိန်ခန့်က ချမ်းမြသာစည်မြို့နယ် ၆၂ လမ်း၊ ဇလပ်ဝါလမ်းနှင့် ဒေလီယာလမ်းကြားတွင်
အမှတ်(၁၁) နယ်မြေရဲစခန်းမှ ရဲအုပ်ဇော်မင်းထိုက် ဦးစီးသည့်ရဲတပ်ဖွဲ့ဝင်များနှင့်
ချမ်းမြသာစည်မြို့နယ် မှုခင်းကြိုတင်ကာကွယ်ရေးအဖွဲ့ဝင်များသည် နံပါတ်မပါသော
ဆိုင်ကယ်တစ်စီးနှင့် အကျီချွတ်ထားသောလူသုံးဦးကို ရပ်တန့်စစ်ဆေးခဲ့သည်။

ထိုအချိန်တွင် ၆၂ လမ်းအတိုင်း မြောက်မှတောင်သို့မောင်းနှင် လာသည့် ဟွန်ဒါဖစ်
အဖြူရောင်ယာဉ်သည် လှည့်ကင်းဆောင်ရွက်နေ သည့်အဖွဲ့ကို အနောက်မှ
အရှိန်ပြင်းစွာဖြင့် ၀င်ရောက်တိုက်မိခဲ့သည်။ထိုသို့ဝင်ရောက်တိုက်မှုကြောင့်ရဲတပ်သား
သစ်ဟန်ဝင်းအောင်၊ အရန်မီးသတ်တပ်ဖွဲ့ဝင် (မှုခင်း ကြိုတင်ကာကွယ်ရေးအဖွဲ့ဝင် )
ဇော်လင်းအောင်နှင့် အရပ်သားနိုင်ထွန်းတို့သေဆုံးခဲ့ပြီး ရဲတပ်ဖွဲ့ဝင် ရ ဦး၊
အရန်မီးသတ်တပ်ဖွဲ့ဝင်တစ်ဦးနှင့် အရပ်သားနှစ်ဦးဒဏ်ရာရရှိခဲ့သည်။

သေဆုံးသူ သုံးဦးနှင့် ဒဏ်ရာရရှိသူ ၁၀ ဦးကို မြန်မာနိုင်ငံရဲတပ်ဖွဲ့ ဌာနချုပ်မှ
ပထမအကြိမ်တွင် ၂၅၀၀၀၀ ကျပ်၊ ဒုတိယအကြိမ်တွင် ၆၉၀၀၀၀ ကျပ်၊
ချမ်းမြသာစည်မြို့နယ်၊ရပ်ကွက်အုပ်ချုပ်ရေးမှူး ရုံးနှင့် ပြည်သူများမှ ၁၉ သိန်းကျပ်၊
မန္တလေးတိုင်းဒေသကြီး တိုင်း၊ ခရိုင်နှင့် မြို့နယ်ရဲတပ်ဖွဲ့များမှ ၃၇၅၉၅၀၀ ကျပ်၊
မန်းမေတ္တာကုမ္ပဏီမှ သိန်း ၆၀ ကျပ်၊ စုစုပေါင်း ၁၂၅၉၉၅၀၀ ကျပ်ကို
ဂရုဏာကြေးပေးအပ်ခဲ့ကြောင်း သိရသည်။

ရဲတပ်ဖွဲ့ဝင်များနှင့် အရပ်သားများကို သေဆုံးဒဏ်ရာရရှိစေခဲ့သည့် ယာဉ်မဆင်မခြင်
မောင်းနှင်သူဇေယျာထွန်းကို အမှတ်(၁၁) နယ်မြေရဲစခန်းတွင် ဒုရဲအုပ်သုတမောင်က
တရားလိုပြုလုပ် တိုင်တန်းသဖြင့် ယာဉ်(ပ) ၁၀/၂၀၁၇၊ ရာဇသတ်ကြီး
ပုဒ်မ ၃၃၃/၃၃၈/၃၀၄(က) အရ အမှုဖွင့်ဆောင်ရွက်လျက်ရှိကြောင်း
သိရသည်။



မြန်မာတစ်နိုင်ငံလုံးဆိုင်ရာ COVID-19 အချက်အလက်

ဖတ်ရှုမှုအများဆုံး