ရေမီတာခနှင့် ကျုံးရေခနှုန်းထားများကို ထပ်မံ တိုးမြှင့်သတ်မှတ်

ရေမီတာခနှင့် ကျုံးရေခနှုန်းထားများကို ထပ်မံ တိုးမြှင့်သတ်မှတ်

ယခုဘဏ္ဍာနှစ်အစ ဧပြီ ၁ ရက်မှစ၍ လက်ရှိကောက်ခံနေသော ရေမီတာခနှုန်းထားများကို
ပြောင်းလဲတိုးမြှင့်ကောက်ခံမည်ဖြစ်ကြောင်း မန္တလေးမြို့တော် စည်ပင်သာယာရေးကော်မတီ
မေ ၂၉ ရက်၌ တရားဝင်ကြေညာချက် ထုတ်ပြန်လိုက်သည်။

အိမ်သုံး၊ စီးပွားသုံး၊ ပြည်တွင်းလုပ်ငန်းရှင်များနှင့်နိုင်ငံခြားလုပ်ငန်းရှင်များ၏ စက်ရုံသုံး၊ ကျုံးရေ
သုံးနှုန်းထားများကို ခွဲခြား တိုးမြှင့်ကောက်ခံမည်ဖြစ်ကြောင်း ထုတ်ပြန်ချက်တွင်
ဖော်ပြထားသည်။

ယခုကဲ့သို့ တိုးမြှင့်ကောက်ခံမည်ကို စည်ပင်သာယာပိုင် မြို့ခံမန္တလေးနေ့စဉ်သတင်းစာတွင်
မေ ၂၉ ရက်၌ တရားဝင် ထုတ်ပြန်ကြေညာထားပြီး လက်ရှိကောက်ခံနေသော နှုန်းထားများမှာ
အရှုံးခံကောက်ခံနေသော နှုန်းထားများဖြစ်ကြောင်းလည်း အသိပေးထားသည်။

နှုန်းထားများ ပြင်ဆင်ရာ၌ လက်ရှိတွင် အိမ်သုံးတစ်ယူနစ် (ဂါလန် ၂၂ဝ) လျှင် ၈၅ ကျပ်မှ
ကျပ် ၂ဝဝ သို့၊စီးပွားသုံး တစ်ယူနစ်လျှင် ကျပ် ၁၁ဝ မှ ကျပ် ၂၆ဝ သို့၊ ပြည်တွင်းလုပ်ငန်းရှင်များ၏
စက်ရုံသုံး တစ်ယူနစ်လျှင် ကျပ် ၄၄ဝ မှ ကျပ် ၆၆ဝ သို့၊ နိုင်ငံခြားလုပ်ငန်းရှင်များ၏ စက်ရုံသုံး
တစ်ယူနစ်လျှင် ကျပ် ၈၈ဝ မှ ကျပ် ၁,၁ဝဝ သို့ ပြောင်းလဲကောက်ခံမည်ဖြစ်သည်။

ကျုံးရေတွင် အသုံးပြုသော ပိုက်အရွယ်အစားများအလိုက် နှုန်းထားများ သတ်မှတ်ထားရာ
ပိုက်အသေးဆုံးငါးမူးပိုက်အရွယ်ကို လက်ရှိ ကျပ် ၁,၅ဝဝ မှ ကျပ် ၄,ဝဝဝသို့၊ ပိုက်အရွယ်အစား
အကြီးဆုံး ရှစ်လက်မအရွယ်ကို ကျပ် ၅ဝ,ဝဝဝ မှ ကျပ် ရဝ,ဝဝဝ သို့ ပြောင်းလဲကောက်ခံမည်
ဖြစ်သည်။

''ဒီနှုန်းထားတွေအတိုင်း သုံးလ တစ်ရစ်အနေနဲ့ကောက်ခံသွားမှာပါ''ဟု စည်ပင်သာယာ
ရေနှင့် သန့်ရှင်းမှုဌာန ဌာနခွဲမှူး ဦးခင်မောင်သင်းက မေ ၃ဝ ရက်တွင်ပြောသည်။ လက်ရှိတွင်
ပြီးခဲ့သော ဇန်နဝါရီလမှ မတ်လအတွင်း သုံးလစာ ရေခွန်နှုန်းထားများကို ကောက်ခံထားသည်။

စည်ပင်သာယာအနေဖြင့် ဘဏ္ဍာနှစ်အလိုက် တိုးချဲ့ရေပေးရေးလုပ်ငန်းများ ဆောင်ရွက်လျက်
ရှိကြောင်း၊ဂျပန်နိုင်ငံ အပြည်ပြည်ဆိုင်ရာ ပူးပေါင်းဆောင်ရွက်ရေးအေဂျင်စီ (ဲှုဃဗ) ၏
ကူညီထောက်ပံ့ငွေဖြင့် ပြည်ကြီးတံခွန်မြို့နယ်၏ ၃ဝ ရာခိုင်နှုန်းကို ရေဖြန့်ဝေရန်
လုပ်ဆောင်နေပြီး ရေညစ်ညမ်းမှု ပြဿနာများ မရှိစေရန် ပိုက်လိုင်းအသစ်များ လဲခြင်း၊
ပြင်ဆင်ခြင်း၊ ရေအားပိုကောင်းအောင် ရေတွင်းများတူးခြင်း၊ ရေလှောင်ကန်များ
ဆောက်ခြင်း၊ ရေအလေအလွင့် လျော့နည်းအောင်ဆောင်ရွက်ခြင်းများကို ဘဏ္ဍာနှစ်
အလိုက် ဆောင်ရွက်နေပြီး ၂ဝ၂ဝ ပြည့်နှစ်တွင် အောင်မြေသာစံ၊ ချမ်းအေးသာစံ၊
မဟာအောင်မြေ၊ ချမ်းမြသာစည်မြို့နယ်တို့၏ ၉ဝ ရာခိုင်နှုန်းသော လူဦးရေ ခုနစ်သိန်းခန့်ကို
၂၄ နာရီမပြတ် ရေပိုက်လိုင်းစနစ်ဖြင့် သန့်ရှင်းသောရေ ပေးဝေနိုင်ရန်ရည်မှန်းချက်ထား
လုပ်ဆောင်နေကြောင်းလည်း အသိပေးထားသည်။

''အိမ်ကတော့ ရေမီတာကို သုံးပါတယ်။ ရေမီတာခနှုန်းထားတွေက သုံးပျော်တဲ့
နှုန်းထားတွေလို့ ပြောလို့ရပါတယ်။ ရေကလည်း သုံးလို့၊ ချက်လို့ပြုတ်လို့ ကောင်းတယ်။
ဒါပေမဲ့ ပြီးခဲ့တဲ့ ငါးနှစ်၊ ခြောက်နှစ်လောက်က စပြီးရေက အနည်အမှုန်တွေ ပါလာတော့
သောက်သုံးဖို့၊ချက်ပြုတ်ဖို့အတွက် ရေသန့်ဘူးကြီးတွေပဲ မှာသုံးပြီးရေမီတာက ရေကို
သုံးဖို့ ချိုးဖို့ပဲ သုံးဖြစ်တော့တယ်။လက်ရှိတော့ ရေအားက အချိန်ပြည့် မကောင်းသေးဘူး''ဟု
အောင်မြေသာစံမြို့နယ်နေ အိမ်ရှင်မဒေါ်စန်းက ပြောသည်။



မြန်မာတစ်နိုင်ငံလုံးဆိုင်ရာ COVID-19 အချက်အလက်

ဖတ်ရှုမှုအများဆုံး