မန္တလေးတိုင်းဒေသကြီးအစိုးရအဖွဲ့ တစ်နှစ်တာအတွင်း ကျေးလက်ဖွံ့ဖြိုးရေးလုပ်ငန်းများကို ဦးစားပေးလုပ်ဆောင်ခဲ့

မန္တလေးတိုင်းဒေသကြီးအစိုးရအဖွဲ့ တစ်နှစ်တာအတွင်း ကျေးလက်ဖွံ့ဖြိုးရေးလုပ်ငန်းများကို ဦးစားပေးလုပ်ဆောင်ခဲ့

 

မန္တလေးတိုင်းဒေသကြီး အစိုးရအဖွဲ့ တစ်နှစ်တာအတွင်း ဖွံ့ဖြိုးရေးလုပ်ငန်းများ
ဆောင်ရွက်ခဲ့ရာတွင် အထူးသဖြင့် ကျေးလက်ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများကို ဦးစားပေး
လုပ်ဆောင်ခဲ့ကြောင်း အစိုးရအဖွဲ့ ဝန်ကြီးချုပ် ဒေါက်တာဇော်မြင့်မောင်က ပြောသည်။

အစိုးရအဖွဲ့၏ တစ်နှစ်တာအတွင်း လုပ်ဆောင်ခဲ့သည့် ဖွံ့ဖြိုးရေးလုပ်ငန်း
ဆောင်ရွက်ချက်များအတွက် သတင်းစာရှင်းလင်းပွဲကို အစိုးရအဖွဲ့ရုံးတွင်
မေ ၃ဝ ရက်က ကျင်းပခဲ့ရာ ရှင်းလင်းပွဲတွင် အထက်ပါအတိုင်း ပြောကြားလိုက်ခြင်း
ဖြစ်သည်။

''မန္တလေးတိုင်းဒေသကြီး အတွင်းမှာစိုက်ပျိုးရေးလုပ်ငန်း၊ ခရီးသွားလုပ်ငန်း၊အသေးစား
စက်မှုလုပ်ငန်းတွေ ဖွံ့ဖြိုးတိုးတက်ဖို့အပြင် ပွင့်လင်းမြင်သာမှု ရှိစေဖို့မူဝါဒတွေ
ချမှတ်ပြီး လုပ်ဆောင်ခဲ့တယ်။ ဒီလို လုပ်ဆောင်ခဲ့တဲ့အထဲက ၂ဝ၁၆-၁၇ ဘတ်ဂျက်
ရေးဆွဲခဲ့တာ အရင်အစိုးရအဖွဲ့က ရေးဆွဲခဲ့တာ ဖြစ်ပေမဲ့ ကျေးလက်ဒေသဖွံ့ဖြိုး
တိုးတက်ရေးကို ပိုမိုဦးစားပေး လုပ်ဆောင်ခဲ့တယ်။ ကျေးရွာချင်းဆက် လမ်းတွေ၊
ခရိုင်ချင်းဆက် လမ်းတွေကို လုပ်ဆောင်ခဲ့တယ်။ တင်ဒါလုပ်ငန်းက ပိုရလာတဲ့
ကျပ်သန်းပေါင်း ၅,ဝဝဝ ကျော်ကိုလည်း ပညာရေးလုပ်ငန်းနဲ့ ဒေသတွင်း ဖွံ့ဖြိုးရေး
အတွက်သုံးစွဲခဲ့တယ်။ တိုင်းတစ်ခုလုံး မီးလင်းဖို့အတွက်ကလည်း စိန်ခေါ်မှုကြီး
တစ်ခုပါပဲ။ဖွံ့ဖြိုးမှုရဲ့ အစကတော့ ကျေးလက်ဒေသတွေပါပဲ။ အခုလို လုပ်ခဲ့တာတွေ
ကလည်း တစ်ဦးတစ်ယောက်ရဲ့ ဆုံးဖြတ်ချက်နဲ့ လုပ်ခဲ့တာမဟုတ်ပါဘူး။ အများ
သဘောဆန္ဒ ဆုံးဖြတ်ချက်နဲ့ လုပ်ဆောင်ခဲ့တာပါ'' ဟု ဝန်ကြီးချုပ် ဒေါက်တာ
ဇော်မြင့်မောင်က ပြောသည်။

ကျေးရွာများ ဖွံ့ဖြိုးတိုးတက်လာစေရန်အတွက် ကျေးရွာအုပ်စု တစ်အုပ်စုနှင့်
ကျေးရွာပေါင်း ၂၇ ရွာကို ပြည်ထဲရေးအမည်ပေါက်ဖြစ်အောင် အစိုးရသက်တမ်းကာလ
တစ်နှစ်အတွင်း ဆောင်ရွက်ပေးခဲ့ပြီး ဒေသခံပြည်သူများ၏ သဘောဆန္ဒအရ
ကျေးရွာအုပ်စု ၁ဝ အုပ်စုနှင့် ကျေးရွာ ၁၂ ရွာ ကို အမည်ပြောင်းလဲ လုပ်ဆောင်
ပေးခဲ့ခြင်းများ လုပ်ဆောင်ခဲ့ကြောင်း၊ မြို့နယ် ၂၃ မြို့နယ်က ကျေးရွာ ၂၃ ရွာကို ကျေးရွာ
မြေငှားဂရန်များ ချထားပေးခဲ့ကြောင်း နယ်စပ်ရေးနှင့် လုံခြံုရေးဝန်ကြီးဗိုလ်မှူးကြီး
မျိုးမင်းအောင်က ရှင်းလင်းပွဲတွင် ပြောကြားခဲ့သည်။

ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးအတွက်ကျေးရွာမီးလင်းရေး လုပ်ငန်းများ
လုပ်ဆောင်ရာ တစ်နှစ်အတွက် ကျေးရွာ ၅၃၆ ရွာ မီးလင်းခဲ့သော်လည်း မီးလင်းရန်
ကျေးရွာ ၂,၆ဝဝ ကျော် ကျန်ရှိနေဆဲဖြစ်ကြောင်း မန္တလေးတိုင်းဒေသကြီး လျှပ်စစ်နှင့်
စက်မှုဝန်ကြီးဌာနဝန်ကြီး ဦးဇာနည်အောင်က ဆိုသည်။

''အစိုးရသက်တမ်း တစ်နှစ်အတွင်းမှာ ပြည်ထောင်စု၊ တိုင်းဒေသကြီးအစိုးရ ရန်ပုံငွေတွေနဲ့
ကျေးလက်ဒေသ မီးလင်းရေး လုပ်ဆောင်ခဲ့ရာမှာ ၅၃၆ ရွာ လင်းသွားပြီ။ လင်းသွားခဲ့တဲ့
ကျေးရွာတွေမှာ ၂ဝဝ ကျော်က ကိုယ်ထူ ကိုယ်ထ မီးလင်းရေးအဖွဲ့တွေ လုပ်ဆောင်ခဲ့လို့
ပြည်သူတွေ ပူးပေါင်းပါဝင်ခဲ့လို့ပါ။ နောက်ထပ် မီးလင်းဖို့ ကျန်သေးတဲ့ ကျေးရွာတွေက
ကျွန်တော်တို့နဲ့ ပူးပေါင်းပါဝင်ဖို့ ဖိတ်ခေါ်ပါတယ်'' ဟု ဝန်ကြီး ဦးဇာနည်အောင်က
ပြောသည်။  



မြန်မာတစ်နိုင်ငံလုံးဆိုင်ရာ COVID-19 အချက်အလက်

ဖတ်ရှုမှုအများဆုံး