မန္တလေးမြို့မှာ မိုးသဲသဲမဲမဲရွာတိုင်း လမ်းတွေပေါ်မှာ ရေလျှံပြီး နေအိမ်တွေထဲအထိ
ဝင်ရောက်တာနဲ့ ပတ်သက်ပြီး မန္တလေးခေတ် သတင်းဂျာနယ်အယ်ဒီတာချုပ်
မသင်းသင်းသော်နဲ့ တွေ့ဆုံမေးမြန်းထားတာကို ငါးမိနစ်စကားစမြည်ကဏ္ဍမှာ
ဖော်ပြပေးလိုက်ပါတယ်။
အခုဟာက မိုးတွင်းစစ်စစ်တောင် မရောက်သေးဘူး။ မိုးရွာတာနဲ့ လမ်းပေါ်ရေလျှံပြီး
အိမ်တွေထဲ ဝင်ကုန်တယ်။ မန္တလေးမှာ လူတိုင်းခံစားနေရတဲ့ ဒုက္ခက ရေမြောင်းစနစ်ပါ။
ရေမြောင်းစနစ်တွေ ပြေပြစ်အောင် လုပ်မပေးတဲ့အခါ မြောင်းတွေက မြင့်တဲ့နေရာက မြင့်၊
နိမ့်တဲ့နေရာနိမ့် ဖြစ်ပြီး အိမ်တွေထဲ ရေတွေဝင်တယ်။
နောက်တစ်ခါ လမ်းတွေကို ပြင်တယ်ဆိုပြီးတော့ လမ်းတွေက မြှင့်သလိုဖြစ်နေတယ်။
ထပ်ပိုးလွှာခင်းတဲ့အခါ လမ်းတွေက ပိုပြီး မြင့်သွားတယ်။ အိမ်တွေက နိမ့်သွားတယ်။
ရေမြောင်းစနစ်က မကောင်းဘူး။ အဲဒီလိုမျိုးဆုံသွားတဲ့အခါ ပထမဦးဆုံး
ရွာလိုက်တဲ့မန္တလေးမိုး (မေ ၁၄ ရက်နေ့ မိုး) မှာတင်ရေဝင်တယ်။ ရေဝင်တတ်လို့
အောက်ခြေကိုမြှင့်ပြီး ကြိုတင်ပြင်ဆင်မှု လုပ်တာတောင်ရေက ဝင်သွားတယ်။
ရွှေတစ်ချောင်းမြောင်းမှာဆို ဘေးက ဘောင်တွေကို မြှင့်လိုက်တယ်။ အောက်ကို
ထပ်မတူးဘဲနဲ့ ဘေးဘောင်ကို မြှင့်ထားတာ။ဒါဟာ မှန်ကန်သော နည်းမဟုတ်ဘူးလို့
မြင်တယ်။ အဲဒီလို လုပ်ထားတာကို လမ်းတွေပါ အညီ လိုက်မြှင့်လိုက်မယ်ဆိုရင်
အိမ်တွေက အောက်ကို ပိုကျသွားမယ်။
ကျွန်မတွေ့ဘူးတဲ့ တခြားနိုင်ငံတွေက လမ်းပြင်တယ်ဆိုတာက လမ်းတစ်နေရာ
ပျက်ပြီဆိုရင် ညဘက်မှာ ဘလောက်တားတယ်။ တားပြီးတာနဲ့ အဲဒီနေရာကို
စက်တွေနဲ့တူးတယ်။ ဟိုးအောက်ခြေကစပြီး ကျောက်တုံးအကြီးတွေချတယ်။
အသေးစိတ် ပြန်လုပ်တယ်။ ထပ်ပိုးလွှာခင်းတာ မဟုတ်ဘဲနဲ့ နဂိုပုံစံအတိုင်းပြန်
ဖြစ်အောင် တစ်ကန့်ခြင်းတစ်ကန့်ခြင်း ခင်းသွားတယ်။ သွားရေး လာရေးလည်း
အဆင်ပြေတယ်။ လမ်းတွေ မြင့်သွားတယ်ဆိုတာလည်း မရှိဘူး။
ကျွန်မတို့ဆီမှာ ထပ်ပိုးလွှာတွေ ထပ်ခါထပ်ခါ ခင်းနေတော့ အိမ်တွေက နိမ့်ကျန်
ခဲ့တယ်။ အဲဒီစနစ်ကြီးက မှားနေတယ်။ ဒါကိုမပြင်ဘဲ ဒီအတိုင်းသာ ဆက်သွားနေမယ်
ဆိုရင် ရေဆိုးမြောင်းတွေကပါ အောက်မှာ ကျန်ခဲ့မယ်။ မိုးရွားတိုင်း လမ်းပေါ်မှာ
ရေလျှံမယ်။ အိမ်တွေထဲရေဝင်မယ်။
















