ပြီးခဲ့သည့်နှစ်က မီးလောင်ခဲ့သည့် မင်္ဂလာစျေး အဆောက်အအုံကို ပြန်လည်ဖြိုချရန်အတွက်
တင်ဒါခေါ်ယူခဲ့ရာ ယခုအကြိမ်တွင်ကျပ်သိန်းပေါင်း ၂,၅ဝဝ ကျော်ဖြင့် တင်ဒါအောင်
သွားကြောင်း မန္တလေးမြို့တော် စည်ပင်သာယာရေး ကော်မတီ၊ စျေးနှင့်
သားသတ်ဌာနမှ ဌာနမှူး ဦးဇော်ဝင်း က ယခုလ ၂၆ ရက်က ပြောသည်။
''အခုအကြိမ် ခေါ်ယူခဲ့တာမှာတော့တင်ဒါအောင်မြင်သွားပြီဖြစ်ပါတယ်။ မကြာခင်
တင်ဒါအောင်တဲ့ကုမ္ပဏီက ဖြိုချတဲ့ လုပ်ငန်းစဉ်တွေ လုပ်ဆောင်တော့မှာပါ။ ပြီးရင်
ပြန်လည်ဆောက်ဖို့အတွက်လည်း တင်ဒါခေါ်ယူတာတွေ လုပ်ဆောင်ပါမယ်''ဟု
ဦးဇော်ဝင်းက ပြောသည်။
မီးဘေးသင့် မင်္ဂလာစျေး အဆောက်အအုံကို ပြန်လည်ဖြိုချရန်အတွက် တင်ဒါခေါ်ယူခြင်းကို
နှစ်ကြိမ်ထက်မနည်း ခေါ်ယူခဲ့သော်လည်း၊ ယခုအကြိမ်မှသာ ကျပ်သိန်းပေါင်း ၂,၅၂ဝ ဖြင့်
တင်ဒါအောင်မြင်ခဲ့ပြီး၊ တင်ဒါလျှောက်ထားသူပေါင်း ၂၅ ဦး ရှိခဲ့သည်။
တင်ဒါအောင်မြင်သူ ဦးကျော်မြင့် အနေဖြင့် မီးဘေးသင့် မင်္ဂလာစျေးကို ပြန်လည်
ဖြိုချရာ၌ အဆောက်အအုံအဟောင်းတွင်ပါဝင်သည့် သံချောင်းများနှင့်
မရွှေ့ပြောင်းနိုင်သည့် ပစ္စည်းများကို ရယူနိုင်ကြောင်းနှင့်မင်္ဂလာစျေးအသစ်
ပြန်ဆောက်ရန်အတွက်လည်း တင်ဒါခေါ်ယူသွားမည်ဖြစ်ကြောင်းဦးဇော်ဝင်းက
ပြောသည်။
မင်္ဂလာစျေးမီးလောင်မှုမှာ ၂ဝ၁၆ ခုနှစ်၊မတ် ၂၂ ရက် ညနေ ၅ နာရီခွဲ ဝန်းကျင်မှ
စတင် လောင်ကျွမ်းခဲ့ပြီး ည ၁ဝ နာရီခန့်အချိန်ထိ လောင်ကျွမ်းခဲ့ကာ မီးလောင်ကျွမ်းမှု
အချိန် ငါးနာရီ နီးပါးကြာမြင့်ခဲ့ပြီးမင်္ဂလာစျေးမီးလောင်မှုနှင့် ပတ်သက်၍ (ပ) ၁ဝ၉/၁၆၊
ပုဒ်မ၂၈၅ (မီးပေါ့ဆမှု)နှင့်အမှုဖွင့်ထားသော်လည်း လက်ရှိအချိန်ထိမီးလောင်ကျွမ်းသည့်
အကြောင်းရင်းကို သိရှိခြင်း မရှိသေးပေ။
အဆိုပါ မင်္ဂလာစျေးမီးလောင်မှုတွင်ရုံးခန်း၊ စျေးဆိုင်ခန်းများ၊ လူနေတိုက်ခန်းများ
အပါအဝင် ၃၂၁ ခန်းနှင့် ပျံကျစျေးဆိုင်ခန်း ၄၃ ဆိုင် ပျက်စီးခဲ့ပြီး ဆုံးရှုံးမှုတန်ဖိုးမှာ
ငွေကျပ် ၁ဝ,၅၄၆ သိန်းကျော် ဖြစ်ပြီး အဆိုပါဆုံးရှုံးမှုတန်ဖိုးထဲမှ အဆောက်အအုံ
တန်ဖိုးမှာ ငွေကျပ် ၅,၅၄၇ သိန်းကျော်နှင့် ပစ္စည်းများ တန်ဖိုးမှာ ငွေကျပ် ၅,ဝဝဝ
သိန်းကျော်ရှိသည်ဟု မန္တလေးမြို့တော် စည်ပင်သာယာရေးကော်မတီက
ထုတ်ပြန်ထားပြီး မီးလောင်မှု ဖြစ်ပွားခဲ့သည့် မင်္ဂလာစျေးတွင် စျေးရောင်းနေသူများ
အတွက် စျေးရောင်းနိုင်ရန်အတွက် မန္တလေးမြို့တော် စည်ပင်သာယာရေးကော်မတီမှ
မန္တလေးမြို့ ၃၅ လမ်းနှင့်ရ၁လမ်းဒေါင့်ရှိ ဘောလုံးကွင်းတွင် ယာယီစျေး ဖွင့်လှစ်
ပေးထားသည်။
















