နှမ်းအရောင်းအဝယ် ပုံမှန်သာဖြစ်နေ၍ နှမ်းအသစ်ပေါ်ချိန်ကို စောင့်ကြည့်နေရကြောင်း
နှမ်းအရောင်းအဝယ်ပြုလုပ်သူများက မေ ၂၈ ရက်က ပြောသည်။
နှမ်းစျေးကွက်တွင် စျေးနှုန်းများတည်ငြိမ်နေပြီး စျေးကွက်အတွင်း၌လည်း နှမ်းအဟောင်း
များသာကျန်ရှိနေသည့်အတွက်နှမ်းအသစ်ပေါ်မည့်အချိန်ကို စောင့်မျှော်နေရကြောင်း
စိုးဝင်းမြင့်ပွဲရုံမှ ဦးစိုးဝင်းမြင့်က ပြောသည်။
''အရောင်းအဝယ်က သင်္ကြန်ပြီးကတည်းက ပုံမှန်အတိုင်းပဲသွားနေတာ အခုထိပဲ။
အရောင်းအဝယ်က အရမ်းကို သွက်မလာဘူး။ စျေးနှုန်းတွေဆိုလည်း အရမ်းကို ငြိမ်နေ
တယ်။ ပစ္စည်းကြိုက်လို့ အရောင်းအဝယ်ပြုလုပ်သူတွေလောက်ပဲ ရှိတယ်။ နှမ်းအသစ်ပေါ်
တဲ့အချိန်ပဲ စောင့်ကြည့်ရတော့မှာပါ'' ဟု ၄င်းက ပြောသည်။
နှမ်းကို တရုတ်နိုင်ငံမှအများဆုံးဝယ်ယူကြောင်း၊ သင်္ကြန်ပြီးနောက်ပိုင်းမှစပြီး တရုတ်
ကုန်သည်များ နှမ်းဝယ်ယူမှုနည်းပါးလာသည့်အတွက် အရောင်းအဝယ်များ ပုံမှန်သာဖြစ်နေ
ကြောင်း ဦးစိုးဝင်းမြင့်က ပြောသည်။
''တရုတ်က အဝယ်ရပ်သွားတာတော့မဟုတ်ပါဘူး။ ပုံမှန်တော့ဝယ်နေတာပဲ။ အရင်လို
အရမ်းကြီး ဝယ်မတော့ဘူး။ စျေးနှုန်းတွေကလည်း အတက်အကျငြိမ်တယ်။ လက်ရှိ
စျေးကွက်ထဲမှာတော့ နှမ်းအဟောင်းတွေပဲ ရှိပါတယ်''ဟု ၄င်းက ပြောသည်။
နှမ်းများ အရောင်းအဝယ် ပုံမှန်ဖြစ်နေသည်မှာ တရုတ်ငွေစျေး အတက်အကျနှင့်ဆိုင်ပြီး
စျေးကွက်အတွင်း၌ နှမ်းအဟောင်းများသာ ရှိနေသည့်အတွက် တရုတ်ဝယ်လက်များက
နှမ်းအသစ်ပေါ်ချိန်ကို စောင့်နေကြကြောင်း မြသဇင်ပွဲရုံနှင့် ဆီစက်မှ ဦးကြည်မောင်က
ပြောသည်။
''နှမ်းအသစ်ပေါ်ရင်တော့ အရောင်းအဝယ်သွက်လာမှာပါ။ စျေးနှုန်းတွေလည်းတက်လာ
မယ်ထင်တယ်။ အခု အရောင်းအဝယ်တွေက ပုံမှန်မှာပါပဲ။ ဇွန်လအလယ်လောက်
ရောက်ရင်တော့ နွေနှမ်းအသစ်တွေ ပေါ်လာတော့မှာပါ''ဟု ၄င်းက ဆိုသည်။
နှမ်းများကို သုံးရာသီ စိုက်ပျိုးလေ့ရှိပြီးနှမ်းအမျိုးအစား သုံးမျိုးမက ရှိကာ စျေးကွက်အတွင်း၌
နှမ်းဖြူ၊ နှမ်းညိုနှင့် စမုံနက်နှှမ်းများကို တရုတ်နိုင်ငံမှ ဝယ်ယူမှု များပြားကြောင်း၊ လက်ရှိ
နှမ်းစျေးကွက်တွင် နှမ်းအဖြူ သုံးတင်းဝင် တစ်အိတ်လျှင် ကျပ်သိန်း ၁၂ဝ,ဝဝဝ၊ နှမ်းအညို
တစ်အိတ်လျှင် ကျပ်၈ဝ,ဝဝဝ နှင့် စမုံနက်နှမ်း တစ်အိတ်လျှင် ကျပ်သိန်း ၁၃၃,ဝဝဝ အထိ
ရှိကြောင်း အရောင်းအဝယ်ပြုလုပ်သူများက ပြောသည်။
















