ယခုဘဏ္ဍာနှစ်အတွက် မန္တလေးတိုင်းအတွင်းရှိ လုပ်ငန်းရှင်များထံမှ ကောက်ခံရရှိမည့်
အခွန်အရပ်ရပ်လျာထားချက်ကို ယခင်နှစ်လျာထားချက်ဖြစ်သည့် အခွန်နှုန်းထားထက်
၁၁ ဘီလျံ ထပ်မံတိုးမြှင့်ထားကြောင်း မန္တလေးတိုင်းဒေသကြီး အခွန်ဦးစီးဌာနမှ
လက်ထောက်ညွှန်ကြားရေးမှူး ဦးကျော်အောင်မိုး မေ ၂၄ ရက်က ပြောသည်။
''ပြီးခဲ့တဲ့နှစ်က သတ်မှတ်ထားတဲ့ အခွန်လျာထားချက်ပေါ်ကိုပဲ ထပ်မံ တိုးမြှင့်ကောက်ခံ
လိုက်တာပါ။ သတ်မှတ်လိုက်တဲ့ လျာထားချက်အတိုင်း အခွန်ကောက်ခံ ရရှိနိုင်ပါတယ်။
ပြီးခဲ့တဲ့နှစ်ကဆိုရင် သတ်မှတ်ထားတဲ့ အခွန်ပမာဏထက် ပိုမိုရရှိခဲ့ပါတယ်''ဟု
ဦးကျော်အောင်မိုးက ပြောသည်။
ယခုနှစ်အတွက် မန္တလေးတိုင်းအတွင်း အခွန်အရပ်ရပ်မှ ကောက်ခံရရှိမှု လျာထားချက်ကို
၁၅၂ ဘီလျံကျော်အဖြစ် သတ်မှတ်ခဲ့သည်။ မန္တလေးတိုင်းဒေသကြီး အခွန်ဦးစီးဌာနမှ
၂ဝ၁၆ - ၁၇ ဘဏ္ဍာနှစ်အတွက် မန္တလေးတိုင်းအတွင်း အခွန်လျာထားချက်မှာ
ကျပ်သန်းပေါင်း ၁၄၁,ဝဝဝ ကျော် (၁၄၁ ဘီလျံ) အဖြစ် သတ်မှတ်ထားသော်လည်း၊
၂ဝ၁၆ - ၁၇ဘဏ္ဍာနှစ် ကုန်ဆုံးပြီးချိန်တွင် တိုင်းအတွင်းမှအခွန်ကောက်ခံရရှိမှု
ကျပ်သန်းပေါင်း ၁၆ဝ,ဝဝဝ ကျော် (၁၆ဝ ဘီလျံ) အထိ ရရှိလာခဲ့သဖြင့် သတ်မှတ်
လျာထားချက်ထက် ကျပ်သန်းပေါင်း ၁၉,ဝဝဝ ကျော် ပိုမိုရရှိလာခဲ့သည်။
''မန္တလေးတိုင်းဆိုတာကလည်း မြန်မာနိုင်ငံမှာ ဒုတိယအကြီးဆုံး မြို့တော်တစ်ခုဖြစ်တယ်။
စီးပွားရေးလုပ်ငန်းရှင်တွေ အများကြီး ရှိတယ်။ တကယ်ဆို ဒီထက်ပိုပြီးကို တိုးလို့ရတယ်။
လုပ်ငန်းရှင်တွေအနေနဲ့လည်း အခွန်ရှောင်တာမျိုးတွေ မလုပ်သင့်ပါဘူး။ အခွန်ရရှိမှ
အစိုးရတစ်ရပ်အတွက် အလုပ်တွေပိုလုပ်နိုင်မှာ ဖြစ်တယ်'' ဟု မန္တလေးမြို့မှ
အိမ်ဆောက်ပစ္စည်း ရောင်းဝယ်ရေးလုပ်ငန်းရှင်တစ်ဦးဖြစ်သည့် ဦးမင်းအောင်က
ပြောသည်။
မန္တလေးတိုင်းအခွန်ဦးစီးဌာနမှ အခွန်စည်းကြပ်နေသည့် ကဏ္ဍငါးခုရှိပြီး အဆိုပါ
ကဏ္ဍငါးခုမှာ ကုန်သွယ်လုပ်ငန်းခွန်၊ ဝင်ငွေခွန်၊ အထူးကုန်စည်ခွန်၊ တံဆိပ်ခေါင်းခွန်နှင့်
အောင်ဘာလေသိန်းဆုခွန်တို့ ဖြစ်သည်။















