မန္တလေးစျေးချို မျက်နှာစာရှေ့တွင် ယာဉ်ကြောပိတ်ဆို့မှု မရှိရေးအတွက် မေလနောက်ဆုံး
ပတ်မှစတင်၍ ပညာပေးလုပ်ငန်းများလုပ်ဆောင်နေပြီး စည်းကမ်းဖောက်ဖျက်သော
ယာဉ်များကို လာမည့် ဇွန် ၁ဝ ရက်မှစတင်၍ အရေးယူသွားမည်ဖြစ်ကြောင်း
မန္တလေးမြို့တော် စည်ပင်သာယာရေးကော်မတီ၊ အခွန်ဌာနမှ ကော်မတီဝင်
ဦးကျော်ဇောအောင်က ပြောသည်။
ယာဉ်ကြောရှုပ်ထွေးကျပ်တည်းမှု ဆိုးရွားစွာ ဖြစ်ပေါ်လေ့ရှိသော စျေးချိုမျက်နှာစာနှင့်
မန်းမြန်မာပလာဇာမျက်နှာစာတို့ တည်ရှိရာ ၈၄ လမ်းပေါ်၊ ၂၆ လမ်းနှင့် ၂၈ လမ်းကြား
တို့တွင် ယာဉ်ရပ်နားရန်နေရာ၊ ကုန်တင်ကုန်ချနေရာများကို စည်းကမ်းချက်များဖြင့်
သတ်မှတ်သွားရန် စီစဉ်နေကြောင်း၊ ပညာပေးကာလ ပြီးဆုံးပြီးနောက် စည်းကမ်း
မလိုက်နာသောယာဉ်များကို ဒဏ်ငွေတပ်ရိုက်အရေးယူသွားမည်ဖြစ်ကြောင်း ၄င်းက
ပြောသည်။
''စည်းကမ်းဖောက်ဖျက်တဲ့ ယာဉ်တွေကို ဒဏ်ငွေကျပ် ၁ဝ,ဝဝဝ ကနေ ကျပ် ၅ဝ,ဝဝဝ
အတွင်း သတ်မှတ်အရေးယူသွားဖို့ ရှိပါတယ်။ လုပ်ဆောင်သွားမယ့် အစီအစဉ်တွေကို
တိုင်းဒေသကြီး အစိုးရအဖွဲ့ထံ တင်ပြထားပြီး အတည်ပြုချက်ကို စောင့်နေပါတယ်။
စည်းကမ်းဖောက်ဖျက်တဲ့ ယာဉ်တွေထဲမှာ ကားပိုင်ရှင် ရှာမတွေ့တဲ့၊ အချိန်ကြာမြင့်စွာ
ရပ်သွားတဲ့ ကားတွေကိုတော့ ကားဘီးသော့ခတ်တဲ့စနစ်သုံးပြီး ဒဏ်ငွေကျပ် ၅ဝ,ဝဝဝ
တပ်ရိုက်ပါမယ်။ သော့ကို ဖျက်သွားရင်တော့နောက်ထပ် ၁ဝ ဆဖြစ်တဲ့ ဒဏ်ငွေကျပ်
ငါးသိန်းဒဏ်တပ်ပါမယ်''ဟု ဦးကျော်ဇောအောင်က မေ ၂၆ ရက်တွင် ပြောသည်။
လတ်တလော အစီအစဉ်အရ ၈၄ လမ်းပေါ်၊ ၂၆ လမ်းနှင့် ၂၇ လမ်းကြားတွင်
လမ်းတစ်ဖက်တစ်ချက်၌ ပေ ၃ဝဝ ကျော်အကျယ်ရှိ ယာဉ်ရပ်နားရန်နေရာနှင့် ပေ ၁၆ဝ
အကျယ်ရှိ ကုန်တင်ကုန်ချနေရာ၊ ၈၄ လမ်းပေါ်တွင်၂၇ လမ်းနှင့် ၂၈ လမ်းကြား၌
လမ်းတစ်ဖက်တစ်ချက်တွင် ပေ ၄ဝဝ ကျော် အကျယ်ရှိ ယာဉ်ရပ်နားရန်နေရာ၊ ပေ ၁၈ဝ
အကျယ်ရှိ ကုန်တင်ကုန်ချနေရာတို့ကို သတ်မှတ်ပေးသွားရန်ရှိကြောင်း၊ အဆိုပါနေရာများ
တွင် ယာဉ်နှစ်ထပ်ရပ်ခွင့် ပြုမည်မဟုတ်ပဲ ကုန်တင်ကုန်ချချိန်ကိုလည်း မိနစ် ၃ဝ သာ
ခွင့်ပြုသွားရန် စီစဉ်နေကြောင်း၊ ယာဉ်ရပ်နားနေရာများတွင် ဆိုင်ကယ်များကို ရပ်ခွင့်ပြုသွား
မည်မဟုတ်ကြောင်း ပြောသည်။
''ယာဉ်ရပ်နားနေရာတွေကို ဘယ်လိုပုံစံနဲ့ သတ်မှတ်ခွင့်ပြုသွားမလဲဆိုတာကို သက်ဆိုင်တဲ့
စျေးအကျိုးတော်ဆောင်တွေနဲ့ တိုင်ပင်သွားရမှာပါ။ စျေးချိုဆိုတာ မန္တလေးမြို့ရဲ့ပြယုဂ်ဖြစ်
ပါတယ်။ ဒီစျေးပတ်ဝန်းကျင်တစ်ခုလုံး ယာဉ်၊ လမ်းစည်းကမ်း စနစ်တကျရှိပြီးသာယာဖို့
ဆိုတာ အားလုံးမှာတာဝန်ရှိလို့ပူးပေါင်းပါဝင်ကြစေချင်ပါတယ်။ စည်းကမ်းမလိုက်နာရင်
ဒဏ်ငွေရိုက်မှာက စည်ပင်သာယာက ဒဏ်ကြေးငွေလိုချင်လို့ လုပ်တာမဟုတ်ပါဘူး။
စည်းကမ်းတကျရှိသွားပြီး သွားလာသူတွေ စိတ်ချမ်းသာ အဆင်ပြေစေဖို့ လုပ်ဆောင်ရ
တာပါ''ဟု ဦးကျော်ဇောအောင်က ပြောသည်။
မန္တလေးမြို့ခံ ဦးအောင်ဝင်းက စျေးချိုရှေ့ယာဉ်ကြောကျပ်မှုမှာ ကာလကြာ ကြံုတွေ့နေရ
သောပြဿနာတစ်ခုဖြစ်ပြီး စနစ်တကျ ရေရှည်ထိရောက်စွာ ကိုင်တွယ်ရန် လိုအပ်နေပြီ
ဖြစ်ကြောင်း၊ စျေးချိုမျက်နှာစာ ၈၄ လမ်းပေါ်သာမက ၂၆ လမ်းပေါ်တွင်လည်း ယာဉ်ကြော
ကျပ်တည်းမှု ဆိုးရွားစွာ ကြံုတွေ့ရပြီး အထူးသဖြင့် ညနေပိုင်း ၃ နာရီနှင့် ၆ နာရီ ကြားတွင်
ယာဉ်ကြောကျပ်တည်းမှု ဆိုးရွားတတ်ကြောင်းပြောသည်။
















