မျိုးပြုန်းလုနီးဖြစ်သည့် ဧရာဝတီလင်းပိုင်များကို ပိုမိုထိန်းသိမ်း စောင့်ရှောက်နိုင်ရန်အတွက်
လင်းပိုင်ထိန်းသိမ်းရေးဧရိယာကို ထပ်မံတိုးချဲ့ရန်စီစဉ်နေကြောင်း မန္တလေးတိုင်းဒေသကြီး
ငါးလုပ်ငန်းဦးစီးဌာန၊တိုင်းဦးစီးမှူး ဦးလှဝင်းက မေလနောက်ဆုံးရက်သတ္တပတ်က
ပြောသည်။
''အခု ဧရာဝတီလင်းပိုင်တွေကို ပိုမိုထိန်းသိမ်းနိုင်ဖို့အတွက် ထိန်းသိမ်းရေးဇုန်
ထပ်ချဲ့ဖို့စီစဉ်ဆောင်ရွက်နေပါတယ်။ ထပ်မံတိုးချဲ့ဖို့အတွက် ဆွေးနွေးပွဲတွေလည်း
လုပ်ဆောင်နေပါတယ်။ တိုးချဲ့လိုက်ခြင်းအားဖြင့်ထိန်းသိမ်းစောင့်ရှောက်မှုတွေကို
ပိုမိုလုပ်ဆောင်နိုင်လာမှာပါ'' ဟုဦးလှဝင်းက ပြောသည်။
ဧရာဝတီလင်းပိုင်ထိန်းသိမ်းရေးဧရိယာဇုန် ထပ်မံတိုးချဲ့ရန်အတွက် မေလ
ပထမပတ်အတွင်းက ငါးလုပ်ငန်းဦးစီးဌာနမှ တာဝန်ရှိသူများနှင့် သားငှက်
ထိန်းသိမ်းရေးအဖွဲ့တို့ ဆွေးနွေးပွဲများလုပ်ဆောင်ခဲ့ပြီးမေလ နောက်ဆုံးပတ်
(သို့မဟုတ်)ဇွန်လအတွင်း၌ ထိန်းသိမ်းရေးဧရိယာဇုန် ထပ်မံတိုးချဲ့ရန်အတွက်
နေရာကြည့်ရှုမှုများပြုလုပ်မည်ဖြစ်ကြောင်း ၄င်းက ပြောသည်။
''ဧရာဝတီလင်းပိုင်ထိန်းသိမ်းရေးဇုန်ကို ထပ်မံတိုးချဲ့လိုက်ခြင်းကလင်းပိုင်တွေ
အတွက်ရော၊ ဒေသခံတွေအတွက်ပါ ပိုကောင်းသွားတယ်။ အထူးသဖြင့်
လင်းပိုင်တွေကို ပိုမိုထိန်းသိမ်းမှုတွေ လုပ်ဆောင်လာနိုင်မယ်လို့ထင်တယ်။
ဒေသခံတွေအတွက်ကျတော့ သူတို့ရွာက ထိန်းသိမ်းရေးဧရိယာအတွင်းမှာပါရင်
လင်းပိုင်လာကြည့်တဲ့ ခရီးသွားတွေအတွက် စျေးဆိုင်ဖွင့်ပြီး စျေးရောင်း
တာမျိုးတွေပါ လုပ်ဆောင်လာနိုင်မယ်'' ဟုဧရာဝတီလင်းပိုင် ထိန်းသိမ်း
စောင့်ရှောက်ရေးနှင့် အကျိုးတူ ငါးဖမ်းရေလုပ်သား အဖွဲ့ခေါင်းဆောင်
ဦးမောင်လေးက ပြောသည်။
လက်ရှိဧရာဝတီလင်းပိုင် ထိန်းသိမ်းဧရိယာကို ဧရာဝတီမြစ်အရှေ့ဘက်ရှိ
မန္တလေးမြို့ ဧရိယာဖြစ်သည့် နန်းတော်ကျွန်း၊ မြစ်အနောက်ဘက်ရှိ
စစ်ကိုင်းတိုင်း မင်းကွန်းကျေးရွာမှ စတင်ကာ စစ်ကိုင်းတိုင်း ကျောက်မြောင်းမြို့နယ်ရှိ
ရေတော်ဘုရားထိ ရ၂ ကီလိုမီတာရှိသည့် မြစ်အပိုင်းကို လင်းပိုင်ထိန်းသိမ်း
ဧရိယာအဖြစ်၂ဝဝ၅ခုနှစ်၊ ဒီဇင်ဘာ ၂၈ ရက်တွင် သတ်မှတ်ခဲ့သည်။
ဧရာဝတီလင်းပိုင်စစ်တမ်းကို ယခုနှစ်၊ ဖေဖော်ဝါရီ ၆ ရက်က စတင်ပြီး
၁၅ ရက်ထိ မန္တလေးတိုင်း၊ စစ်ကိုင်းတိုင်း၊ ကချင်ပြည်နယ်တို့မှ ငါးလုပ်ငန်း
ဦးစီးဌာန တာဝန်ရှိသူများနှင့် မြန်မာနိုင်ငံ သားငှက်ထိန်းသိမ်းရေးအဖွဲ့တို့မှ
၁ဝ ရက်ကြာ စစ်တမ်းကောက်ယူရာတွင် ဧရာဝတီလင်းပိုင် ရ၃ ကောင်ကျော်ကို
တွေ့ရှိထားပြီး ၄င်းတို့အနက်မှ အကောင် ၃ဝ ခန့်မှာ ထိန်းသိမ်းရေးဧရိယာ
အတွင်း၌ တွေ့ရှိထားသည်။















