မြန်မာ့ကျောက်မျက် လက်မှုဒီဇိုင်းပြိုင်ပွဲ ကျင်းပမည်

မြန်မာ့ကျောက်မျက် လက်မှုဒီဇိုင်းပြိုင်ပွဲ ကျင်းပမည်

လာမည့် သြဂုတ် ၃ ရက် မြန်မာ့ကျောက်မျက်ရတနာနေ့တွင် ကျောက်ကပ်ပန်းချီ၊
ကျောက်စိမ်း/ကျောက်မျက် ပန်းပုနှင့်လက်ဝတ်ရတနာ ဒီဇိုင်းပြိုင်ပွဲကို မြန်မာနိုင်ငံ
ကျောက်မျက်ရတနာလုပ်ငန်းရှင်များအသင်း (Myanmar Gems and Jewellery 
Entrepreneurs Association)  မှ ကျင်းပသွားမည်ဖြစ်ပြီး လုပ်ငန်းရှင်များမှဝင်ရောက်
ယှဉ်ပြိုင်နိုင်ကြောင်း ကျောက်မျက်ရတနာ လုပ်ငန်းရှင်များအသင်း (မန္တလေး)မှ 
ဒုတိယဥက္ကဋ္ဌ ဒေါ်ခင်လေးမြင့်က ပြောသည်။

မြန်မာ့ကျောက်မျက်ရတနာနေ့ အထိမ်းအမှတ်ပွဲကို နေပြည်တော် မဏိရတနာ ကျောက်စိမ်း
ခန်းမတွင် ကျင်းပသွားမည်ဖြစ်ကာ၊ သြဂုတ် ၄ ရက်တွင် အာဆီယံအဖွဲ့ဝင်နိုင်ငံများနှင့်
အခြား ကိုးနိုင်ငံမှ ကျောက်မျက်လုပ်ငန်းရှင်များ တွေ့ဆုံသွားရန်ရှိကြောင်း၊ အဆိုပါရက်
မတိုင်မီတွင် ပြိုင်ပွဲဝင် ကျောက်မျက်ရတနာလက်ရာများကို ရန်ကုန်မြို့ရှိ (ကမ္ဘာအေး)
မြန်မာ့ကျောက်မျက်ရတနာ အရောင်းခန်းမတွင် ပြသသွားမည်ဖြစ်ကြောင်း ဒေါ်ခင်လေး
မြင့်က ပြောသည်။

''ပြိုင်ပွဲဝင်မယ့်သူတွေအနေနဲ့ ဇွန် ရရက် နောက်ဆုံးထား စာရင်းသွင်းကြရပါမယ်။
ယှဉ်ပြိုင်တဲ့ လက်ရာတွေကိုတော့ဇူလိုင် ၁၅ ရက်အရောက် (ကမ္ဘာအေး)
မြန်မာ့ကျောက်မျက်ရတနာ အရောင်းခန်းမကို ပေးပို့ကြရမှာပါ။ ပြိုင်ပွဲတစ်မျိုးစီကို
ပ၊ ဒု၊ တနဲ့ နှစ်သိမ့်ဆုအသီးသီး ထိုက်ထိုက်တန်တန် ပေးသွားမယ်လို့ သိရပါတယ်။
မန္တလေးကလည်း ဝင်ပြိုင်မယ့်သူတွေ ရှိပါတယ်။ ပြိုင်ပွဲဝင် လက်ရာတွေ ပြသမယ့်ရက်ကို
တော့ လတ်တလော မသတ်မှတ်ရသေးပါဘူး'' ဟု ဒေါ် ခင်လေးမြင့်က မေ ၃ဝ ရက်တွင်
ပြောသည်။

ပြိုင်ပွဲအတွက် စည်းကမ်းသတ်မှတ်ချက်များတွင် မြန်မာမှု ကျောက်မျက်လက်ရာဖြစ်ရန်၊
ပြည်ပနိုင်ငံမှ လက်ရာမဖြစ်ရန်၊ စက်ဖြင့် ပြုလုပ်ထားသည့် ပစ္စည်းမဖြစ်ရန်၊ ပြည်တွင်း
ကျောက်မျက်ရတနာအစစ်ဖြစ်ရန် စသည်တို့ ပါဝင်ထားသည်။

''မြန်မာပြည်က ကျောက်မျက်ရတနာသယံဇာတတွေကို ဂုဏ်ပြုတဲ့အနေနဲ့အသင်းချုပ်ကနေ
မြန်မာ့ကျောက်မျက်ရတနာနေ့အဖြစ် သတ်မှတ်နိုင်ဖို့ ကြိုးပမ်းခဲ့တာကြာပါပြီ။ ဒီပြပွဲပြိုင်ပွဲကို
ဂုဏ်ယူစွာဝင်ရောက်ဆင်နွှဲကြဖို့ လုပ်ငန်းရှင်တွေကို ဖိတ်ခေါ်ပါတယ်'' ဟု ဒေါ်ခင်လေးမြင့်
က ပြောသည်။

လက်ရှိတွင် မန္တလေး၊ မိုးကုတ်၊ မြစ်ကြီးနား၊ ဖားကန့်၊ စစ်ကိုင်း၊ ရန်ကုန်တို့တွင် ကျောက်မျက်
ရတနာလုပ်ငန်းရှင်များအသင်းများ ရှိနေသည်။



မြန်မာတစ်နိုင်ငံလုံးဆိုင်ရာ COVID-19 အချက်အလက်

ဖတ်ရှုမှုအများဆုံး